နျူကလီးယားလက်နက်ပိုင်ဆိုင်မှုနဲ့ စစ်တပ်စွမ်းရည်ကို တိုးချဲ့မြှင့်တင်မယ်လို့လည်း ကင်မ်ဂျုံအန်က ပြောပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က အမေရိကန်ဟာ နိုင်ငံရဲ့ အကြီးဆုံးရန်သူဖြစ်ပြီး မည်သူ သမ္မတဖြစ်ဖြစ် မိမိတို့နဲ့ ပတ်သက်တဲ့ မူဝါဒကို ပြောင်းလဲမယ်လို့ မမျှော်လင့်ကြောင်း ပြောကြားလိုက်ပါတယ်။

(ပါတီညီလာခံမှာ ကင်မ်ဂျုံအန် မိန့်ခွန်းပြောစဥ်) (Photo: KCNA)

မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီ (Workers' Party) ရဲ့ ရှားရှားပါးပါး ကျင်းပပြုလုပ်တဲ့ ညီလာခံမှာ မိန့်ခွန်းပြောကြားစဥ် ကင်မ်ဂျုံအန်က ထိုသို့ ထည့်သွင်းပြောခဲ့တာ ဖြစ်ပါတယ်။ "အမေရိကန်က ကျုပ်တို့ရဲ့ တော်လှန်ရေးအတွက် အကြီးဆုံးအဟန့်အတားနဲ့ ကျုပ်တို့ရဲ့ အကြီးဆုံးရန်သူဖြစ်တယ်၊ ဘယ်သူ အာဏာရရ မထူးဘူး" လို့ ကင်မ်ဂျုံအန်က ပြောဆိုလိုက်ပါတယ်။



အမေရိကန်က ကျုပ်တို့ရဲ့ တော်လှန်ရေးအတွက် အကြီးဆုံးအဟန့်အတားနဲ့ ကျုပ်တို့ရဲ့ အကြီးဆုံးရန်သူဖြစ်တယ်၊ ဘယ်သူ အာဏာရရ မထူးဘူး

ဒါ့အပြင် မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ပိုင်ဆိုင်မှုနဲ့ စစ်တပ်စွမ်းရည်ကို တိုးချဲ့မြှင့်တင်မယ်လို့လည်း ကင်မ်ဂျုံအန်က ကတိပြု ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယား ရေငုပ်သင်္ဘောတစ်စီးအတွက် အစီအစဥ်များလည်း အပြီးသတ်လုနီးပြီလို့ ၎င်းကဆိုပါတယ်။

(အလုပ်သမားပါတီညီလာခံမြင်ကွင်း) (Photo: KCNA)

အာဏာရ အလုပ်သမားပါတီရဲ့ သမိုင်းတစ်လျှောက် ယခုနှစ် ကျင်းပပြုလုပ်မှု အပါအဝင် ပါတီညီလာခံ ရှစ်ကြိမ်မျှသာ ကျင်းပခဲ့ဖူးပါတယ်။ ကင်မ်ဂျုံအန်ရဲ့ ယခုပြောကြားချက်ဟာ အမေရိကန်မှာ ဂျိုးဘိုင်ဒန်က သမ္မတသစ်အဖြစ် အာဏာလွှဲပြောင်းရယူရန် ပြင်ဆင်နေချိန်မှာ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

လေ့လာဆန်းစစ်သူတွေကတော့ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ယခုပြောကြားချက်ဟာ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ဂျိုးဘိုင်ဒန်က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမှုနဲ့အတူ နောက်တက်လာမယ့် အမေရိကန်အစိုးရသစ်ကို ဖိအားပေးရန် အားထုတ်မှုတစ်ခုလို့ သုံးသပ်ကြပါတယ်။

(ကင်မ်ဂျုံအန်နှင့် ဒေါ်နယ်ထရန့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဥ်) (Photo: AP)

မြောက်ကိုရီးယားရဲ့ နျူကလီးယားအရေးနဲ့ ပတ်သက်ပြီး လက်ရှိအမေရိကန်အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေဟာ အနည်းငယ်မျှသာ တိုးတက်မှုရှိခဲ့ပေမဲ့ ကင်မ်ဂျုံအန်နဲ့ ရာထူးသက်တမ်းကုန်ဆုံးတော့ သမ္မတဒေါ်နယ်ထရန့်တို့ကြား နွေးထွေးတဲ့ အပြန်အလှန် ခင်မင်နားလည်မှုရှိခဲ့ပါတယ်။

မြောက်ကိုရီးယားကို ရန်သူက နျူကလီးယားလက်နက်သုံးပြီး ဦးစွာတိုက်ခိုက်ရန် ပြင်ဆင်နေခဲ့ခြင်းမရှိဘဲ မိမိတို့အနေနဲ့ နျူကလီးယားလက်နက်ကို အသုံးပြုရန် မရည်ရွယ်ဘူးလို့ ဇန်နဝါရီ ၅ ရက်နေ့မှာ စတင်ကျင်းပတဲ့ အာဏာရပါတီ ညီလာခံမိန့်ခွန်းမှာ ကင်မ်ဂျုံအန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။



က္က