စစ်ဆေးရေမှူးတွေက လေယာဥ်အပျက်အစီးဖြစ်ကြောင်း ယုံကြည်ထားတဲ့ ပစ္စည်းတွေကို လေ့လာဆန်းစစ်နေပါတယ်။

ဒေသစံတော်ချိန် ယမန်နေ့ (ဇန်နဝါရီ ၉ ရက်) မွန်းလွဲပိုင်းမှာ ဂျကာတာမြို့တော်မှ ပျံသန်းထွက်ခွာတဲ့ Boeing 737-500 ခရီးသည်တင်လေယာဥ် ပင်လယ်ထဲသို့ ပျက်ကျသွားခဲ့ကြောင်း ယုံကြည်ရတဲ့ နေရာကို ရှာဖွေတွေ့ရှိခဲ့ပြီလို့ အင်ဒိုနီးရှားရေတပ်က ပြောပါတယ်။

(Photo: EPA)

ထိုနေရာတစ်ဝိုက်မှာ ပျောက်ဆုံးသွားခဲ့တဲ့ လေယာဥ်ရဲ့ အစိတ်အပိုင်းများ ဖြစ်တယ်လို့ ယုံကြည်ရတဲ့ နောက်ထပ် အပျက်အစီးတွေကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ လူ့ခန္ဓာကိုယ်အစိတ်အပိုင်း အိတ်ငါးအိတ်စာ ရရှိခဲ့ပြီး မည်သူဖြစ်ကြောင်း ခွဲခြားသိရှိနိုင်ရန် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။



Sriwijaya Air လေကြောင်းလိုင်းမှ လူ ၆၂ ဦး လိုက်ပါသွားတဲ့ ခရီးသည်တင်လေယာဥ်ဟာ ဂျကာတာမြို့တော်မှ West Kalimantan ပြည်နယ် Pontianak မြို့သို့ လေကြောင်းခရီးစဥ် စတင်ပျံသန်းခဲ့ပြီးနောက် လေးမိနစ်မျှအကြာမှာပင် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့တာ ဖြစ်ပါတယ်။

(Photo: EPA)

စစ်ဆေးရေမှူးတွေက လေယာဥ်အပျက်အစီးဖြစ်ကြောင်း ယုံကြည်ထားတဲ့ ပစ္စည်းတွေကို လေ့လာဆန်းစစ်နေကြောင်း သိရပါတယ်။ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ယမန်နေ့ ညပိုင်းမှာ ရပ်နားထားခဲ့ပြီး ယနေ့ (ဇန်နဝါရီ ၁၀ ရက်) မနက်အစောပိုင်းမှာ ပြန်လည်စတင်ခဲ့ပါတယ်။ ပျက်ကျသွားတယ်လို့ ယုံကြည်ရတဲ့ အဆိုပါလေယာဥ်ကနေ ဘေးအန္တရာယ်ကြုံရကြောင်း ဆက်သွယ်အချက်ပြမှု ပေးပို့ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

လေကြောင်းခရီးစဥ်အမှတ် SJY182 ခရီးသည်တင်လေယာဥ်ဟာ ဂျကာတာကနေ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်မှာ ထွက်ခွာသွားခဲ့တာဖြစ်ပြီး Pontiana သို့ ညနေ ၄ နာရီ ၁၅ မိနစ်မှာ ရောက်ရှိရန်စီစဥ်ထားခဲ့ပါတယ်။ ယခုအခါ လေယာဥ်ပျက်ကျခဲ့တဲ့နေရာသို့ ရေတပ်မှ ရေငုပ်သမားတွေနဲ့အတူ သင်္ဘော ၁၀ စီး ရောက်ရှိနေပြီလို့ ဆိုပါတယ်။

(Photo: Kiki Siregar)

လေကြောင်းပျံသန်းမှု စောင့်ကြည့်ဝက်ဘ်ဆိုက် Flightradar24 မှာ ဖော်ပြထားမှုအရ လေယာဥ်ဟာ အမြင့်ပေ ၁၀,၀၀၀ ကျော်ကနေ တစ်မိနစ်အတွင်း ထိုးကျခဲ့တယ်လို့ ယူဆရပါတယ်။ မျက်မြင်တွေ့ရှိသူတွေက အနည်းဆုံး ပေါက်ကွဲမှုတစ်ခုကို မြင်ခဲ့၊ ကြားခဲ့ရတယ်လို့ပြောကြောင်း BBC သတင်းက ဖော်ပြပါတယ်။

ငါးဖမ်းသမားတစ်ဦးဖြစ်သူ Solihin က BBC အင်ဒိုနီးရှားသတင်းဌာနကို ပြောကြားခဲ့မှုအရ ၎င်းဟာ လေယာဥ်ပျက်ကျမှုကို မြင်တွေ့ခဲ့ရပြီး ငါးဖမ်းစက်လှေမှူးက ကမ်းသို့ပြန်လာရန် ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ "လေယာဥ်က လျှပ်စီးတန်းကြီးလိုပဲ ပင်လယ်ထဲကျပြီး ရေထဲမှာ ပေါက်ကွဲသွားခဲ့တယ်၊ ကျွန်တော်တို့နဲ့ တော်တော်နီးပါတယ်၊ အထပ်သားလို အပိုင်းအစတွေက ကျွန်တော့်စက်လှေကို လာထိမှန်လိုနီးပါပဲ" လို့ ငါးဖမ်းသမား Solihin က ပြောပါတယ်။

(Photo: Kiki Siregar)

ဂျကာတာကမ်းလွန် ပင်လယ်ထဲသို့ ပျက်ကျသွားကြောင်း ယုံကြည်ရတဲ့ Boeing 737-500 လေယာဥ်ဟာ သက်တမ်း ၂၆ နှစ်ရှိပြီလို့ ဆိုပါတယ်။ ထိုလေယာဥ်ပေါ်မှာ ကလေးငယ် ၁၀ ဦးအပါအဝင် ခရီးသည် ၅၆ ဦးနဲ့ လေယာဥ်အမှုထမ်း ၆ ဦး လိုက်ပါသွားခဲ့ကြောင်း သိရပါတယ်။ Sriwijaya Air လေကြောင်းလိုင်းကို ၂၀၀၃ ခုနှစ်မှာ ပြည်တွင်း တန်ဖိုးနည်းလေကြောင်းလိုင်းအဖြစ် စတင်တည်ထောင်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံတွင်းနဲ့ အခြား အရှေ့တောင်အာရှဒေသတွင်း နေရာများသို့ လေကြောင်းခရီးစဥ်များ ပျံသန်းလျက်ရှိပါတယ်။

ယခု လေယာဥ်ပျောက်ဆုံးသွားခဲ့တဲ့ ပင်လယ်ပြင်အတွင်းနေရာဟာ ဂျကာတာမြို့မြောက်ဘက် ၁၂ မိုင်ခန့်အကွာမှာြဖစ်ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်းက နောက်ထပ် လေယာဥ်တစ်စီး ပျက်ကျခဲ့တဲ့နေရာနဲ့ မဝေးကွာလှကြောင်း သိရပါတယ်။ ထိုစဥ်က Lion Air လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဥ်ဟာ ဂျကာတာမြို့မှ ထွက်ခွာခဲ့ပြီးနောက် ၁၂ မိနစ်ခန့်အကြာမှာ ပင်လယ်ထဲသို့ ပျက်ကျခဲ့ပြီး လိုက်ပါသွားသူ ၁၈၉ ဦး သေဆုံးခဲ့ပါတယ်။

လူ ၆၀ ကျော်ပါတဲ့ အင်ဒိုနီးရှား ခရီးသည်လေယာဉ် ပက်လယ်ထဲသို့ ပျက်ကျသွားကြောင်း ယူဆရ

Share

Loading Next Article...
က္က