လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ လေယာဥ်အပျက်အစီးတွေကို တွေ့ရှိလာခဲ့ရပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်ကနေ ထွက်ခွာပျံသန်းခဲ့ပြီးနောက် မကြာမီမှာ ပင်လယ်ထဲသို့ ပျက်ကျခဲ့တဲ့ ခရီးသည်တင်လေယာဥ်ရဲ့ ပျံသန်းမှုမှတ်တမ်းတင်ကိရိယာ (black box) တည်ရှိတဲ့နေရာကို သိရှိခဲ့ပြီဖြစ်ကြောင်း တာဝန်ရှိသူတွေက ယနေ့ (ဇန်နဝါရီ ၁၀ ရက်) အတည်ပြုပါတယ်။

(Photo: EPA)

"ကျွန်တော်တို့ လေယာဥ်ရဲ့ black box တွေ တည်နေရာကို သိရပါပြီ၊ ရေငုပ်သမားတွေက ပျံသန်းမှုမှတ်တမ်းတင် ကိရိယာနှစ်ခုကို ရှာဖွေပြီး ပြန်ဆယ်ယူရရှိဖို့ လုပ်ဆောင်နေပါတယ်" လို့ အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရေး ဘေးအန္တရာယ်ကင်းရှင်းမှုကော်မတီ အကြီးအကဲ Soerjanto Tjahjono က ပြောခဲ့ပါတယ်။



အင်ဒိုနီးရှားလေကြောင်းလိုင်း Sriwijaya Air ရဲ့ Boeing 737-500 ခရီးသည်တင်လေယာဥ်ဟာ ယမန်နေ့ (ဇန်နဝါရီ ၉ ရက်) ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်မှာ ဂျကာတာမြို့မှ ထွက်ခွာသွားခဲ့ပြီးနောက် လေးမိနစ်ခန့်အကြာမှာ ရေဒါမြင်ကွင်းကနေ ပျောက်ကွယ်ပြီး အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။

(Photo: EPA)

လေယာဥ်ဟာ ပင်လယ်ထဲသို့ ပျက်ကျသွားခဲ့တယ်လို့ ယုံကြည်ရပြီး ယခုအခါ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ လေယာဥ်အပျက်အစီးတွေကို တွေ့ရှိလာခဲ့ရပါတယ်။ ခရီးသည်တင်လေယာဥ် ပျက်ကျခဲ့တဲ့နေရာကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အင်ဒိုနီးရှားရေတပ်က ယနေ့ အစောပိုင်းမှာ ပြောထားခဲ့ပါတယ်။

လေကြောင်းခရီးစဥ်အမှတ် SJ182 လေယာဥ်ဟာ အင်ဒိုနီးရှားမြို့တော် ဂျကာတာမြို့မှ West Kalimantan ပြည်နယ် Pontianak မြို့သို့ ပျံသန်းခဲ့တာဖြစ်ပါတယ်။ လေယာဥ်ပျံသန်းမှု စောင့်ကြည့်ဝက်ဘ်ဆိုက် Flightradar24 က ဖော်ပြထားမှုအရ လေကြောင်းခရီးစဥ်အမှတ် SJ182 လေယာဥ်ဟာ ဂျကာတာမြောက်ဘက် ကမ်းလွန်နေရာ အမြင့်ပေ ၁၀,၀၀၀ အထက်မှာ ပျံသန်းမှုစောင့်ကြည့်စနစ်ကနေ ပျောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Kiki Siregar)

လေယာဥ်ပေါ်မှာ ကလေးငယ် ၁၀ ဦးအပါအဝင် ခရီးသည် ၅၆ ဦးနဲ့ လေယာဥ်အမှုထမ်း ၆ ဦး စုစုပေါင်း ၆၂ ဦး လိုက်ပါသွားခဲ့ကြောင်း သိရပါတယ်။ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက လေယာဥ်နဲ့ ဆက်စပ်တဲ့ အပျက်အစီးတွေကို ပိုမိုတွေ့ရှိလာရတယ်လို့ ဆိုပါတယ်။ ဂျကာတာရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Yusri Yunus ရဲ့ အဆိုအရ ခရီးသည်တွေရဲ့ပစ္စည်းတွေ ပါဝင်တဲ့အိတ်တစ်လုံးနဲ့ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပါဝင်တဲ့အိတ်တစ်လုံးကို လက်ခံရရှိထားကြောင်း သိရပါတယ်။

(Photo: Reuters)

ကယ်ဆယ်ရေးသမားတွေကတော့ လူ့ခန္ဓာကိုယ်အစိတ်အပိုင်း အိတ်ငါးအိတ်စာ ရရှိခဲ့ပြီး မည်သူဖြစ်ကြောင်း ခွဲခြားသိရှိနိုင်ရန် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း အစောပိုင်းမှာ ပြောခဲ့ကြပါတယ်။ ယခုပျက်ကျခဲ့တဲ့ လေယာဥ်ကို ပိုင်ဆိုင်ထားတဲ့ Sriwijaya Air လေကြောင်းလိုင်းဟာ ၂၀၀၃ ခုနှစ်မှာ ပြည်တွင်း တန်ဖိုးနည်းလေကြောင်းလိုင်းအဖြစ် စတင်တည်ထောင်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံတွင်းနဲ့ အခြား အရှေ့တောင်အာရှဒေသတွင်း နေရာများသို့ လေကြောင်းခရီးစဥ်များ ပျံသန်းလျက်ရှိပါတယ်။

.


Share

Loading Next Article...
က္က