ယခုအခါ မလေးရှားအစိုးရအဖွဲ့ဝင် ဝန်ကြီးများကို COVID-19 စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

မလေးရှားအစိုးရအဖွဲ့မှာ သုံးရက်အတွင်း ဒုတိယမြောက် ဝန်ကြီးတစ်ဦး COVID-19 ကူးစက်ခံရမှု တွေ့ရှိခဲ့ရပါတယ်။

(ဝန်ကြီး Rina Mohd Harun) (Photo: Bernama)

အမျိုးသမီး၊ မိသားစုနဲ့ လူမှုရေးရာ ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး Rina Mohd Harun ဟာ ယမန်နေ့ (ဇန်နဝါရီ ၁၀ ရက်) မနက်ပိုင်းမှာ COVID-19 စစ်ဆေးခဲ့ပြီးနောက် ယနေ့ (ဇန်နဝါရီ ၁၁ ရက်) မနက် ၁၁ နာရီမှာ ဆေးရုံတက်ခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ "ကူးစက်ခံရမှု တွေ့ရှိရတာကြောင့် အားလုံးကို အဆင်မပြေမှု သို့မဟုတ် စိုးရိမ်ပူပန်မှု ဖြစ်စေခဲ့ရင် သူမက တောင်းပန်ခဲ့ပါတယ်" လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။



စနေနေ့ (ဇန်နဝါရီ ၉ ရက်) ကလည်း မလေးရှားဝန်ကြီးချုပ်ရုံး စီးပွားရေးဆိုင်ရာ ဝန်ကြီး Mustapa Mohamed ထံမှာ COVID-19 ကူးစက်မှုတွေ့ခဲ့ရပါတယ်။ ၎င်းဟာ ကွာလာလမ်ပူကနေ ကိုတာဘာရူကို ပြန်လည်ရောက်ရှိစဥ် ဆေးစစ်ခဲ့ရာမှာ ကူးစက်ခံရကြောင်း တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

(ဝန်ကြီး Mustapa Mohamed) (Photo: Bernama)

ဝန်ကြီး Mustapa Mohamed ကို ထိုနေ့ ည ၁၀ နာရီခွဲမှာ Raja Perempuan Zainab II ဆေးရုံသို့ ရွှေ့ပြောင်းကုသပေးနေခဲ့ကြောင်း သိရပါတယ်။ ၎င်းဟာ ဇန်နဝါရီ ၆ ရက်နေ့ အစိုးရအဖွဲ့အစည်းအဝေးကို တက်ရောက်ခဲ့သေးကြောင်း ဒေသခံမီဒီယာက ဖော်ပြပါတယ်။ ထိုအစည်းအဝေးမှာ ဝန်ကြီး Mustapa Mohamed နဲ့ ဘေးချင်းကပ်ထိုင်ခဲ့ကြတဲ့ အခြား ဝန်ကြီးနှစ်ဦးဟာ လက်ရှိမှာ ကြိုတင်ကာကွယ်မှုအဖြစ် အသွားအလာကန့်သတ်ပြီး သီးခြားနေထိုင်လျက်ရှိကြောင်း မလေးရှားသတင်းဌာန The Star က ပြောပါတယ်။

ယခုအခါ မလေးရှားအစိုးရအဖွဲ့ဝင် ဝန်ကြီးများကို COVID-19 စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ မလေးရှားနိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၁၃၅,၀၀၀ ကျော်နဲ့ သေဆုံးသူ ၅၅၀ ကျော်ရှိခဲ့ပါတယ်။ မလေးရှားဟာ လက်ရှိမှာ ကူးစက်မှုတတိယလှိုင်း မြင့်တက်နေမှုကို ရင်ဆိုင်နေရကြောင်းနဲ့ ဝန်ကြီးချုပ်ယာစင်က ယနေ့ နှောင်းပိုင်းမှာ ကူးစက်မှုထိန်းချုပ်ရေး စီမံဆောင်ရွက်မှုအသစ်များ ထုတ်ပြန်ကြေညာမယ်လို့ ခန့်မှန်းထားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က