ကမ္ဘာ့နိုင်ငံအသီးသီးက ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုများ အမြန်ဆုံး စတင်နိုင်ရန် အားထုတ်ကြိုးပမ်းနေကြပါတယ်။
Ko John

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ သန်း ၉၀ ကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်ရဲ့ ယနေ့ (ဇန်နဝါရီ ၁၁ ရက်) ဖော်ပြမှုအရ သိရှိရပါတယ်။ 

(Image: Worldometers webpage screengrab)

၂၀၁၉ နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ တစ်နှစ်ကျော်အတွင်း ကမ္ဘာတစ်ဝန်း လူဦးရေ သန်း ၉၀ ကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၂ သန်းနီးပါး (၁,၉၄၃,၅၄၄ ဦး) သေဆုံးခဲ့ပြီး ၆၄.၈ သန်းကျော် ပြန်လည်သက်သာခဲ့ပါတယ်။

တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှုဟာ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ သန်း ၈၀ ကျော်လွန်ခဲ့တာဖြစ်ပြီး ၁၈ ရက်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁၀ သန်းကျော် တိုးလာခဲ့ပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ကတော့ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ၁,၇၅၆,၀၆၄ ဦးမှ ၁၈ ရက်အတွင်း ၁၈၇,၀၀၀ ကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။

(Photo: Reuters)

Worldometers ယခုနောက်ဆုံး ကိန်းဂဏန်းတွေအရ တစ်ကမ္ဘာလုံးမှာ ကူးစက်ခံရသူ သန်း ၉၀ ကျော်အနက် ၂၃ သန်းကျော်ဟာ COVID-19 လူနာအဖြစ် ကုသမှုခံယူနေရဆဲ အခြေအနေလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အမေရိကန်က ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ လူဦးရေ ၂၃ သန်းနီးပါး ကူးစက်ခံထားရပြီး သေဆုံးသူ ၃၈၃,၀၀၀ ကျော်ရှိခဲ့ပါတယ်။

ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်တဲ့ တောင်အာရှဒေသမှ အိန္ဒိယနိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၁၀.၄ သန်းကျော်နဲ့ သေဆုံးသူဦးရေ ၁၅၁,၀၀၀ ကျော်ပြီဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ တတိယမြောက် ကူးစက်မှုအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာလည်း ကူးစက်ခံရသူ စုစုပေါင်း ၈.၁ သန်းကျော်လွန်လာခဲ့ပြီးနဲ့ သေဆုံးသူ ၂၀၃,၀၀၀ ကျော်ရှိလာခဲ့ပါတယ်။

(Photo: Reuters)

လက်ရှိမှာ ကမ္ဘာ့နိုင်ငံအသီးသီးက COVID-19 ကာကွယ်ဆေးထိုးနှံမှုများ အမြန်ဆုံး စတင်နိုင်ရန် အားထုတ်ကြိုးပမ်းနေကြပြီး ဥရောပနိုင်ငံများ၊ အမေရိကန်၊ ဗြိတိန်၊ အစ္စရေး၊ ဆော်ဒီ၊ စင်ကာပူ အပါအဝင် နိုင်ငံတွေမှာ ကာကွယ်ဆေးများ စတင်ထိုးနှံပေးနေပြီဖြစ်ကာ နိုင်ငံအချို့မှာလည်း ယခုလအတွင်း ကာကွယ်ဆေးထိုးနှံမှုတွေ စတင်သွားမှာ ဖြစ်ပါတယ်။

ကာကွယ်ဆေးများ ထွက်ပေါ်လာပေမဲ့ ကမ္ဘာနိုင်ငံအားလုံး ဆင်းရဲချမ်းသာမရွေး ကာကွယ်ဆေး သာတူညီမျှရရှိရန် မရေရာမှုတွေလည်း ရှိနေပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ကနေဒါကဲ့သို့ ချမ်းသာတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေက လာမယ့်နှစ်မှာ ထုတ်လုပ်မယ့် ကာကွယ်ဆေးတွေရဲ့ ၅၃ ရာခိုင်နှုန်းထက်မနည်း များပြားစွာ ကြိုတင်ဝယ်ယူထားရာ ဖွံ့ဖြိုးဆဲနဲ့ ဆင်းရဲတဲ့နိုင်ငံတွေအတွက် ကာကွယ်ဆေးရရှိရန် နှစ်နဲ့ချီ ကြာမြင့်နိုင်ကြောင်း စိုးရိမ်နေကြပါတယ်။

(Photo: Reuters)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ကတော့ အဆင်းရဲဆုံး နိုင်ငံတွေအနေနဲ့ ဇန်နဝါရီလကုန်နဲ့ ဖေဖေါ်ဝါရီလလယ်ပိုင်းအတွင်း COVID-19 ကာကွယ်ဆေး စတင်ရရှိရန် မျှော်လင့်နိုင်ကြောင်း မကြာသေးမီက ပြောထားခဲ့ပါတယ်။ လက်ရှိမှာ ခွင့်ပြုချက်ရ ကာကွယ်ဆေးတွေ တဖြည်းဖြည်း ထွက်ပေါ်လာနေပေမဲ့ လက်ရှိအချိန်အထိ တစ်ကမ္ဘာလုံးအတိုင်းအတာအရ COVID-19 ကူးစက်မှုတွေဟာ နှေးကွေးလျော့သွားခြင်း မရှိသေးဘဲ သေဆုံးမှုကလည်း တရိပ်ရပ် မြင့်တက်လာနေဆဲ ဖြစ်ပါတယ်။

အာရှဒေသမှ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ကူးစက်မှုတွေ မြင့်တက်လာတာကြောင့် တင်းကျပ်တဲ့ ပိတ်ပင်ကန့်သတ်ချက်များ ထုတ်ပြန်ဆောင်ရွက်နေပါတယ်။ ဂျပန်မှာ တိုကျိုနဲ့ အခြား စီရင်စုသုံးခုကို အရေးပေါ်အခြေအနေထုတ်ပြန်ပြီး ကူးစက်မှုထိန်းချုပ်ရေး လုပ်ဆောင်နေရပါတယ်။

အရှေ့တောင်အာရှမှာလည်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုများ နေ့စဥ် တိုးလာနေဆဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး သုံးနိုင်ငံအဖြစ် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မလေးရှားတို့က အစဥ်လိုက်ရှိနေပါတယ်။ မလေးရှာမှာ ဝန်ကြီးနှစ်ဦး ကူးစက်ခံရပြီး‌နောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို COVID-19 စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

မြန်မာနိုင်ငံမှာ ဩဂုတ်လလယ်မှစပြီး ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ ဆက်တိုက်မြင့်တက်နေခဲ့ရာမှ ယခုအခါမှာတော့ ကူးစက်မှုနှုန်း အကျဘက်ကို ဦးတည်နေပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၁၃၀,၆၀၄ ဦး၊ သေဆုံးသူ ၂,၈၄၆ ဦး၊ ပြန်လည်သက်သာပြီး ဆေးရုံမှဆင်းခွင့်ရသူ ၁၁၄,၀၄၉ ဦးနဲ့ ကုသမှုခံယူနေရဆဲ လူနာ ၁၃,၇၀၉ ဦးရှိကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က