အရေးပေါ်အခြေအနေကြေညာထားမှုဟာ ဩဂုတ် ၁ ရက်အထိ ကြာမြင့်သွားနိုင်ပါတယ်။

မလေးရှားဘုရင် အယ်လ်ဆူလ်တန်အဗ္ဗဒူလာက COVID-19 ကူးစက်မှုထိန်းချုပ်ရန် တစ်နိုင်ငံလုံးကို အရေးပေါ်အခြေအနေ ယနေ့ (ဇန်နဝါရီ ၁၂ ရက်) ကြေညာလိုက်ကြောင်း ဘုရင့်နန်းတော်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

(မလေးရှားဘုရင် အယ်လ်ဆူလ်တန်အဗ္ဗဒူလာ) (Photo: Bernama)

ကပ်ရောဂါကူးစက်မှုထိန်းချုပ်ရန် တစ်နိုင်ငံလုံးကို အရေးပေါ်အခြေအနေ ကြေညာမှုဟာ ဩဂုတ် ၁ ရက်အထိ ကြာမြင့်မယ် သို့မဟုတ် ကူးစက်ပျံ့နှံ့မှု အခြေအနေပေါ်မူတည်ပြီး ထိုရက်ထက် ပိုစောနိုင်ကြောင်း ဘုရင့်နန်းတော်အုပ်ချုပ်ရေးမှူး Ahmad Fadil Shamsuddin က ဆိုပါတယ်။ ယမန်နေ့ (ဇန်နဝါရီ ၁၁ ရက်) က ဘုရင်ဆူလ်တန်အဗ္ဗဒူလာနဲ့ ဝန်ကြီးချုပ်ယာစင်တို့ နန်းတော်မှာ တွေ့ဆုံခဲ့ပြီးနောက် ဘုရင်က အရေးပေါ်အခြေအနေကြေညာရန် ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။



"မနေ့က ညနေ ၅ နာရီခွဲကနေကစပြီး ၄၅ မိနစ်ကြာ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ဝန်ကြီးချုပ်ယာစင်က ပြီးခဲ့တဲ့ ဒီဇင်ဘာလနောက်ပိုင်း COVID-19 နေ့အလိုက်ကူးစက်မှုတွေ မြင့်တက်နေတာကို ထိန်းချုပ်ဖို့အတွက် အစိုးရအဖွဲ့ရဲ့ အဆိုပြုထားတဲ့ အစီအစဥ်တွေကို တင်ပြခဲ့ပါတယ်" လို့ နန်းတော်ထုတ်ပြန်ချက်က ပြောပါတယ်။

(မလေးရှားဝန်ကြီးချုပ် ယာစင်) (Photo: FMuhyiddin Yassin/Facebook)

မလေးရှားမှာ နေ့အလိုက် ကူးစက်မှုအသစ်များ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စံချိန်တင်မြင့်တက်ကာ ပထမဆုံးအကြိမ် ၃,၀၀၀ အထိ ဖြစ်လာခဲ့ပါတယ်။ လက်ရှိအချိန်အထိ မလေးရှားမှာ COVID-19 ကူးစက်ခံရသူ ၁၃၈,၀၀၀ နဲ့ သေဆုံးသူ ၅၅၅ ဦးရှိခဲ့ပြီး အရှေ့တောင်အာရှဒေသတွင်း ကူးစက်မှု တတိယအများဆုံး နိုင်ငံဖြစ်ပါတယ်။

အရေးပေါ်အခြေအနေကြေညာရန် ဘုရင်ရဲ့ဆုံးဖြတ်ချက်ဟာ ကျန်းမာရေးစောင့်ရှောင်မှုစနစ် ဖိအားများရင်ဆိုင်နေရတဲ့ အချက်အလက်တွေအပေါ်မှာလည်း အခြေခံခဲ့ကြောင်း နန်းတော်က ပြောပါတယ်။ မလေးရှား COVID-19 ဆေးရုံ ၁၅ ခုမှာ အရေးပေါ်ကြပ်မတ်ကုသခန်း မပါဝင်တဲ့ သာမန် လူနာကုတင်အရေအတွက်ရဲ့ ၇၀ ရာခိုင်နှုန်းဟာ လူနာတွေပြည့်နေခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Reuters)

လက်ရှိ ကြုံတွေ့နေရတဲ့ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဆောင်ရွက်ရန် အစိုးရနဲ့ အတိုက်အခံ လွှတ်တော်အမတ်တွေ ပါဝင်ကြမယ့် လွတ်လပ်တဲ့ကော်မတီတစ်ရပ် ဖွဲ့စည်းရန် အစိုးရအဖွဲ့ရဲ့ အဆိုပြုမှုကိုလည်း ဘုရင်က သဘောတူခွင့်ပြုခဲ့ပါတယ်။ ဘုရင်က အရေးပေါ်အခြေအနေ ကြေညာလိုက်ခြင်းနဲ့အတူ မလေးရှားလွှတ်တော်ကိုလည်း ၁၉၆၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ရပ်ဆိုင်းလိုက်ကြောင်းနဲ့ ထိုကာလအတွင်း ရွေးကောက်ပွဲများ ပြုလုပ်မှာမဟုတ်ကြောင်း သိရပါတယ်။

ဝန်ကြီးချုပ်ယာစင်က ပြည်နယ်ငါးခု (Penang ၊ Selangor ၊ Melaka ၊ Johor နဲ့ Sabah) နဲ့ ပြည်ထောင်စုနယ်မြေသုံးခု (Kuala Lumpur ၊ Putrajaya နဲ့ Labuan) ကို ဇန်နဝါရီ ၂၆ ရက်နေ့အထိ အသွားအလာ ကန့်သတ်ထိန်းချုပ်မိန့် (Movement Control Order - MCO) ထုတ်ပြန်မယ်လို့ ကြေညာခဲ့ပြီး နောက်တစ်ရက်မှာ မလေးရှားဘုရင်က တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေကြေညာကြောင်း နန်းတော်ထုတ်ပြန်ချက် ထွက်လာခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က