ကျန်ရှိနေတဲ့ balck box တစ်ခုကိုလည်း မကြာမီ ပြန်လည်ရရှိနိုင်မယ်လို့ အင်ဒိုနီးရှားစစ်တပ်က ယုံကြည်ထားပါတယ်။
Ko John

ဂျကာတာကမ်းလွန် ပင်လယ်ပြင်မှာ ပျက်ကျခဲ့တဲ့ Sriwijaya Air လေကြောင်းလိုင်း ခရီးသည်တင်လေယာဥ်ရဲ့ black box နှစ်ခုအနက်မှ လေယာဥ်ပျံသန်းမှုအခြေအနေ မှတ်တမ်းတင်တဲ့တစ်ခုကို ပြန်လည် ရှာဖွေရရှိခဲ့ပြီဖြစ်ပြီး ကျန်ရှိနေတဲ့ လေယာဥ်ပေါ်မှအသံများကို မှတ်တမ်းတင်တဲ့တစ်ခုကိုလည်း မကြာမီ ပြန်လည်ရရှိနိုင်မယ်လို့ ယုံကြည်ထားကြောင်း အင်ဒိုနီးရှားစစ်တပ် အကြီးအကဲ Hadi Tjahhijanto က ယနေ့ (ဇန်နဝါရီ ၁၂ ရက်) ပြောပါတယ်။

Sriwijaya Air လေကြောင်းလိုင်းမှ လေကြောင်းခရီးစဥ်အမှတ် SJ182 လေယာဥ်ဟာ ဇန်နဝါရီ ၉ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်မှာ ဂျကာတာမြို့မှ ထွက်ခွာသွားခဲ့ပြီးနောက် လေးမိနစ်ခန့်အကြာမှာ ရေဒါမြင်ကွင်းကနေ ပျောက်ကွယ်ပြီး အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။

ထို့နောက် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်မှုတွေအရ အဆိုပါ Boeing 737-500 အမျိုးအစား ခရီးသည်တင်လေယာဥ်ဟာ ဂျကတာကမ်းလွန် ပင်လယ်ထဲသို့ ပျက်ကျသွားခဲ့ကြောင်း ကောက်ချက်ချခဲ့ကြပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရေတပ်မှ ရေငုပ်သမားတွေက ထိုနေ့မှစပြီး ရှာဖွေရေးလုပ်ငန်း ဆောင်ရွက်နေခဲ့ရာ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများ၊ ခရီးသည်တွေရဲ့ပစ္စည်းများနဲ့ လေယာဥ်အပျက်အစီး အပိုင်းအစများကို တွေ့ရှိလာခဲ့ပါတယ်။

လေယာဥ်ရဲ့ ပျံသန်းမှုမှတ်တမ်းတင်ကိရိယာ (black box) တည်ရှိတဲ့နေရာကို ရှာဖွေသိရှိခဲ့ပြီဖြစ်ကြောင်း ဇန်နဝါရီ ၁၀ ရက်နေ့မှာ ရေတပ်က ပြောခဲ့ပါတယ်။ ယခုအခါ black box နှစ်ခုအနက်မှ လေယာဥ်ပျံသန်းမှုကို မှတ်တမ်းတင်တဲ့တစ်ခုကို ပြန်လည်ဆယ်ယူရရှိခဲ့ပြီလို့ စစ်တပ်အကြီးအကဲ Hadi Tjahhijanto က သယ်ယူပို့ဆောင်ရေးဝန်ကြီး Budi Karya Sumadi နဲ့အတူ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုခဲ့ပါတယ်။ လေယာဥ်ပျက်ကျပြီးနောက် သုံးရက်အကြာမှာ black box တစ်ခုကို ပြန်လည်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ခရီးသည်တင်လေယာဥ် ပျက်ကျခဲ့တဲ့နေရာမှာ ကယ်ဆယ်သမား ၃,၆၀၀ ကျော်၊ ရဟတ်ယာဥ် ၁၃ စီး၊ သင်္ဘောအကြီး ၅၄ စီးနဲ့ သင်္ဘောငယ်များဖြင့် ရှာဖွေရေးဆောင်ရွက်နေခဲ့ပါတယ်။ လေယာဥ်ပျက်ကျခဲ့တဲ့နေရာ ‌ရေအောက်အနက် ၇၅ ပေမှာ လေယာဥ်အပျက်အစီးတွေနဲ့ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ လူခန္ဓာကိုယ်အစိတ်အပိုင်းတွေပါဝင်တဲ့ အလောင်းအိတ် ၇၄ အိတ်ကို မည်သူဖြစ်ကြောင်း ခွဲခြားသိရှိနိုင်ရန် ရဲတပ်ဖွဲ့ထံသို့ ပေးအပ်ခဲ့ပြီး ပထမဆုံး သေဆုံးသူအဖြစ် အသက် ၂၉ နှစ်အရွယ် လေယာဥ်အမှုထမ်း Okky Bisma ရဲ့ အလောင်းကို ယမန်နေ့ (ဇန်နဝါရီ ၁၁ ရက်) မှာ ခွဲခြားအတည်ပြုခဲ့ကြောင်း သိရပါတယ်။

သေဆုံးသူတွေရဲ့ အလောင်းများအနက် ပထမဆုံး အတည်ပြုနိုင်ခဲ့တဲ့ လေယာဥ်အမှုထမ်း Okky Bisma ရဲ့ ဇနီးဖြစ်သူဟာလည်း Sriwijaya Air လေကြောင်းလိုင်းမှ လေယာဥ်မယ်တစ်ဦးဖြစ်ပြီး ပူဆွေးဝမ်းနည်းရမှုတွေကို သူမရဲ့ ဆိုရှယ်မီဒီယာမှာ ဆက်တိုက် ရေးသားထားခဲ့ပါတယ်။

SJ182 ခရီးသည်လေယာဥ်ပေါ်မှာ လိုက်ပါသွားခဲ့ကြသူတွေရဲ့ မိသားစုဝင်တွေက ၎င်းတို့ရဲ့ DNA နမူနာများကို ပေးအပ်ထားကြပြီး ပြန်လည်ဆယ်ယူရရှိတဲ့ အလောင်းတွေနဲ့ တိုက်ဆိုက်စစ်ဆေးပြီး မည်သူဖြစ်ကြောင်း ခွဲခြားသိရှိနိုင်ရန် ရဲတပ်ဖွဲ့က ဆောင်ရွက်နေပါတယ်။ DNA တိုက်ဆိုင်စစ်ဆေးမှုရလဒ်တွေကို လေးရက်မှ ရှစ်ရက်အတွင်း သိရှိနိုင်မယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းထားပါတယ်။

Sriwijaya Air လေကြာင်းလိုင်းရဲ့ ခရီးသည်တင်လေယာဥ်ဟာ အင်ဒိုနီးရှားမြို့တော် ဂျကာတာမြို့မှ West Kalimantan ပြည်နယ် Pontianak မြို့သို့ ပျံသန်းခဲ့တာဖြစ်ပါတယ်။ လေယာဥ်ပျံသန်းမှု စောင့်ကြည့်ဝက်ဘ်ဆိုက် Flightradar24 က ဖော်ပြထားမှုအရ လေကြောင်းခရီးစဥ်အမှတ် SJ182 လေယာဥ်ဟာ ဂျကာတာမြောက်ဘက် ကမ်းလွန်နေရာ အမြင့်ပေ ၁၀,၀၀၀ အထက်မှာ ပျံသန်းမှုစောင့်ကြည့်စနစ်ကနေ ပျောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

လေယာဥ်ပေါ်မှာ ကလေးငယ် ၁၀ ဦးအပါအဝင် ခရီးသည် ၅၆ ဦးနဲ့ လေယာဥ်အမှုထမ်း ၆ ဦး စုစုပေါင်း ၆၂ ဦး လိုက်ပါသွားခဲ့ပါတယ်။ ပျက်ကျသွားခဲ့တဲ့ အဆိုပါ လေယာဥ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ပျံသန်းနိုင်ခြေရှိ မရှိ စစ်ဆေးမှုပြုလုပ်ခဲ့ပြီးကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ယနေ့ ပြောပါတယ်။

ထိုလေယာဥ်ကို ပိုင်ဆိုင်ထားတဲ့ Sriwijaya Air လေကြောင်းလိုင်းဟာ ၂၀၀၃ ခုနှစ်မှာ ပြည်တွင်း တန်ဖိုးနည်းလေကြောင်းလိုင်းအဖြစ် စတင်တည်ထောင်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံတွင်းနဲ့ အခြား အရှေ့တောင်အာရှဒေသတွင်း နေရာများသို့ လေကြောင်းခရီးစဥ်များ ပျံသန်းလျက်ရှိပါတယ်။

လေယာဥ်တွေရဲ့ Black Box အကြောင်း

လေယာဥ်တွေမှာ black box ခေါ် ပျံသန်းမှုမှတ်တမ်းတင်ကိရိယာ နှစ်ခုပါဝင်ပြီး တစ်ခုက လေယာဥ်ပျံသန်းစဥ် အပူချိန်၊ အလိုအလျောက်မောင်းနှင်မှု၊ လေယာဥ်လောင်စာဆီအခြေအနေ၊ လေယာဥ်ပျံသန်းနေတဲ့ အမြင့်ပေနဲ့ လေယာဥ်လမ်းကြောင်းတို့ကို မှတ်တမ်းတင်ထားပါတယ်။ ပျံသန်းမှုမှတ်တမ်းတင်ကိရိယာက ၂၅ နာရီစာ လေယာဥ်ပျံသန်းမှုအခြေအနေကို မှတ်တမ်းတင်နိုင်ပါတယ်။ နောက်ထပ် ကိရိယာတစ်ခုကတော့ လေယာဥ်ပေါ်မှ အသံအားလုံးကို မှတ်တမ်းတင်ပါတယ်။

အသံဖမ်းကိရိယာက လေယာဥ်အမှုထမ်းများ စကားပြောဆိုမှုကနေ လေယာဥ်အင်ဂျင်အသံအထိ ဖမ်းယူမှတ်တမ်းတင်ထားပါတယ်။ အသံဖမ်းကိရိယာဟာ အချိန်နှစ်နာရီစာ အသံဖမ်းယူနိုင်ပါတယ်။ လေယာဥ်ရဲ့ black box ဟာ လေယာဥ်တစ်စီးပျက်ကျမှုဖြစ်ပါက စက်ပိုင်းဆိုင်ရာချွတ်ယွင်းမှု၊ လူသားအမှား သို့မဟုတ် အခြား အကြောင်းရင်းကြောင့်ဖြစ်ကြောင်းကို စုံစမ်းစစ်ဆေးသူတွေ ဖော်ထုတ်သိရှိ ကောက်ချက်ချရာမှာ အကူအညီပေးပါတယ်။

လေယာဥ်ရဲ့ black box ဟာ အပူချိန် ၁,၀၀၀ ဒီဂရီဆဲလ်စီးယပ်ကျော်မှာ တစ်နာရီအထိ ခံနိုင်ရည်ရှိပါတယ်။ အနက်ပေ ၁၉,၀၀၀ ကျော် ဆားငန်ရည် သို့မဟုတ် အခြား အရည်တွေထဲမှာ နစ်မြုပ်နေမှုကို ခံနိုင်ရည်ရှိပါတယ်။ ရေအောက်ကို ရောက်ရှိနေစဥ် တည်နေရာသိရှိနိုင်တဲ့ အချက်ပြထုတ်လွှင့်မှုစနစ် ပါဝင်ပါတယ်။ အဆိုပါ အချက်ပြစနစ်ကနေ အသံလှိုင်းအချက်ပြမှု ဆက်တိုက်ထုတ်လွှင့်ပါတယ်။ လေယာဥ်အမျိုးအစားပေါ်မူတည်ကာ ရေထဲကျရောက်ပြီးနောက် ရက် ၃၀ မှ ၉၀ ကြာ အချက်ပြအသံလှိုင်း ထုတ်လွှင့်နိုင်ပါတယ်။

.


Author


က္က