အလွန်အေးခဲတဲ့ ရာသီဥတု ဆိုးရွားပြင်းထန်မှုကြောင့် အနည်းဆုံး လူခုနစ်ဦး သေဆုံးခဲ့ပါတယ်။
Ko John

စပိန်နိုင်ငံအလယ်ပိုင်းမှာ သီတင်းပတ်ကုန်ရက်များအတွင်း ဆီးနှင်များထူထပ်စွာကျရောက်ခဲ့ပြီးနောက် ယခုအခါ အပူအချိန် အလွန်အမင်းကျဆင်းကာ စံချိန်တင် အေးခဲမှုကြုံနေရပါတယ်။

(Photo: Getty Images)

ရာသီဥတု အေးခဲပြင်းထန်နေတာကြောင့် စပိန်အာဏာပိုင်တွေက သက်ကြီးရွယ်အိုတွေကို အိမ်ထဲမှာပင်နေကြရန် သတိပေးထားပါတယ်။ စပိန်မှာ လတ်တလော ရက်ပိုင်းအတွင်း နှင်းများထူထပ်စွာကျပြီး အလွန်အေးခဲတဲ့ ရာသီဥတု ဆိုးရွားပြင်းထန်မှုကြောင့် အနည်းဆုံး လူခုနစ်ဦး သေဆုံးခဲ့ကြောင်းနဲ့ ယခုနောက်ဆုံး သေဆုံးခဲ့သူနှစ်ဦးဟာ ဘာစီလိုနာမြို့မှ အိမ်ခြေမဲ့များဖြစ်ပါတယ်။

Molina de Aragón နယ်မြေနဲ့ Teruel မြို့၊ မက်ဒရစ်မြို့အရှေ့ဘက်ရှိ တောင်းတန်းနေရာတွေမှာ အပူချိန် အနုတ် ၂၅ ဒီဂရီဆဲလ်စီးယပ်အထိ ကျဆင်းခဲ့ပြီး နှစ်ပေါင်း ၂၀ အတွင်း စပိန်နိုင်ငံရဲ့ အအေးဆုံးညအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။ မုန်တိုင်းဖီလိုမင်နာ (Storm Filomena) ကြောင့် ထူထပ်စွာကျရောက်ခဲ့တဲ့ ဆီးနှင်များဟာ ရေခဲဖြစ်သွားခဲ့ပြီး သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ ဖြစ်ပေါ်နေခဲ့ပါတယ်။

(Photo: Reuters)

မုန်တိုင်းကြောင့် နာရီ ၃၀ ကြာ စံချိန်တင် နှင်းကျရောက်မှုဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ ပုံမှန်အားဖြင့် အတန်အသင့် ပြင်းထန်လေ့ရှိတဲ့ စပိန်နိုင်ငံဟာ ယခုနှစ်မှာတော့ မကြုံစဖူး ထူးကဲလှတဲ့ နှင်းထူထပ်စွာကျရောက်မှုနဲ့ ရေခဲမှုဖြစ်တဲ့ ရာသီဥတုအခြေအနေကို ကြုံနေခဲ့ရပါတယ်။ စပိန်မြို့တော် မက်ဒရစ်မြို့ အရှေ့မြောက်ဘက် ၁၂၂ မိုင်အကွာရှိ Molina de Aragón နယ်မြေမှာ ဇန်နဝါရီ ၁၁ ရက် ညပိုင်းက အအေးဆုံး စံချိန်တင်ခဲ့ပြီး 'စပိန်ရဲ့ဆိုက်ဘေးရီးယား' အဖြစ် နာမည်ပြောင် သုံးနှုန်းခေါ်ဝေါ်ခဲ့ကြပါတယ်။

"ဒီလို အေးခဲနေတာကို နောက်ထပ် ရက်အနည်းငယ် ကြုံရအုံးမှာပဲ၊ နေစဥ်ဘဝက ခက်ခဲပါတယ်၊ နှင်းတွေက အရမ်းများနေတယ်၊ အိမ်ရောက်ဖို့က နှင်းတွေကြောင့် လမ်းတွေပိတ်နေတယ်လေ၊ အသက်ကြီးသူအချို့ ဆုံးပါးခဲ့ကြတယ်" လို့ ဒေသခံအမျိုးသမီး Yoli Asensio က BBC သတင်းဌာနကို ပြောခဲ့ပါတယ်။ ဘာစီလိုနာမြို့မှာ လူနှစ်ဦး သေဆုံးခဲ့မှုအပြင် မက်ဒရစ်မြို့မှာ နှစ်ဦး၊ မာလာဂါမှာ နှစ်ဦးနဲ့ ဇာရာဂိုဇာမှာ တစ်ဦး အအေးဒဏ်ကြောင့် သေဆုံးခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

မက်ဒရစ်မြို့မှာ ညအပူချိန် အနုတ် ၁၆ ဒီဂရီဆဲလ်စီးယပ်အထိ ကျဆင်းခဲ့ပါတယ်။ ယခင်ကတည်းက COVID-19 လူနာတွေနဲ့ ဖိအားကြုံနေရတဲ့ မက်ဒရစ်မြို့ရှိ ဆေးရုံတွေဟာ တနင်္လာနေ့ (ဇန်နဝါရီ ၁၁ ရက်) နေ့က ရေခဲပြင်ပေါ်မှာ ချော်လဲဒဏ်ရာရသူတွေ၊ အရိုးကျိုးသူတွေကို ကုသပေးနိုင်ရန် ရုန်းကန်ခဲ့ရတယ်လို့ ဆိုပါတယ်။ မက်ဒရစ်နယ်မြေရဲ့ ဆေးရုံတွေမှာ ထိုနေ့က အရိုးကျိုးအက်လူနာ ၁,၂၀၀ အထိရှိခဲ့ကြောင်း‌ ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေက စပိန်နေ့စဥ်သတင်းစာ El Mundo ကို ပြောခဲ့ပါတယ်။

စပိန်မှာ မုန်တိုင်းကြောင့် ဆီးနှင်းများ ထူထပ်စွာကျရောက်ဖုံးလွှမ်းနေတဲ့ လမ်းမတွေကို ရှင်းလင်းရန်နဲ့ မုန်တိုင်းသက်ရောက်ခဲ့တဲ့ နေရာဒေသများသို့ COVID-19 ကာကွယ်ဆေးတွေနဲ့ အစားအစာအထောက်အပံ့များ‌ ရောက်ရှိနိုင်ရန် အချိန်လု ကြိုးပမ်းလုပ်ဆောင်နေခဲ့ရပါတယ်။ မက်ဒရစ်မြို့ရှိ လေဆိပ်နဲ့ လမ်းအများအပြားကိုတော့ နှင်းထူထပ်စွာကျရောက်မှု အန္တရာယ်ရှိတာကြောင့် ပိတ်ထားခဲ့ပါတယ်။ ရာသီဥတုဆိုးရွားနေမှုကြောင့် မလိုအပ်ဘဲ ခရီးမသွားကြရန် စပိန်အာဏာပိုင်တွေက ပြောထားပါတယ်။

.


ဆက်စပ်အကြောင်းအရာများ


Author


က္က