ဆေးရုံတွေ ဝန်ပိနေမှုကို လျှော့ချရန် လူနာတွေကို ဟိုတယ်သို့ ရွှေ့ပြောင်းထားရန် အပါအဝင် နည်းလမ်းမျိုးစုံ ရှာဖွေနေပါတယ်။
Ko John

အင်္ဂလန်မှာ COVID-19 ကူးစက်ခံရပြီး ဆေးရုံတက်ရသူဦးရေ မြင့်တက်လာမှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ရုန်းကန်နေရပြီး ဆေးရုံတွေ ဖိအားကြုံနေရမှု လျှော့ချရန် လူနာတွေကို ဟိုတယ်များသို့ ရွှေ့ပြောင်းထားဖွယ်ရှိတယ်လို့ ဆိုပါတယ်။

(Photo: Reuters)

ဗြိတိန်ကျန်းမာရေးဝန်ကြီး မတ်ဟန်းကွတ်ခ်ရဲ့ ဇန်နဝါရီ ၁၃ ရက်နေ့ ပြောကြားမှုအရ အမျိုးသားကျန်းမာရေးဌာန (National Health Service - NHS) က ဆေးရုံတွေမှာ ဝန်ပိနေမှုကို လျှော့ချရန် လူနာတွေကို သင့်လျော်တဲ့အချိန်မှာ ဟိုတယ်သို့ ရွှေ့ပြောင်းထားရှိရန် အပါအဝင် နည်းလမ်းမျိုးစုံကို ရှာဖွေနေကြောင်း သိရပါတယ်။

COVID-19 လူနာတွေကို ဟိုတယ်များသို့ ရွှေ့ပြောင်းထားရှိရန် ဆွေးနွေးမှုတွေကို Guardian သတင်းစာက ပထမဆုံး ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။ "ဆေးပညာရှုထောင့်အရ တစ်စုံတစ်ဦးအတွက် မှန်ကန်တဲ့အရာဖြစ်ခဲ့မယ်ဆိုမှသာ ဒါကို ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ၊ အချို့ လူနာတွေက ဆေးရုံတက်ဖို့ အမှန်တစ်ကယ် မလိုအပ်ဘဲ့ ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့ပဲ လိုအပ်တာမျိုးရှိပါတယ်"လို့ ကျန်းမာရေးဝန်ကြီး မတ်ဟန်းကွတ်ခ်က ရှင်းပြပါတယ်။

(Photo: AP)

ဗြိတိန်ဟာ ဥရောပဒေသမှာ COVID-19 ကြောင့် သေဆုံးမှုအများဆုံးဖြစ်ပြီး လက်ရှိအချိန်အထိ သေဆုံးသူ ၈၃,၀၀၀ ကျော်ရှိခဲ့ပါတယ်။ အင်္ဂလန်အပါအဝင် ဗြိတိန်တစ်ဝန်း ဆေးရုံတွေမှာလည်း COVID-19 လူနာများပြည့်နေပြီး ဆေးရုံတက်ရသူကလည်း ဆက်လက် မြင့်တက်နေဆဲ ဖြစ်ပါတယ်။

အင်္ဂလန်ရှိ ဆေးရုံတွေမှာ ယမန်နှစ် ဧပြီလအတွင်း ပထမအကြိမ် ကူးစက်မှုအမြင့်ဆုံး ဖြစ်ခဲ့စဥ်ကထက် ယခုအခါ COVID-19 လူနာ ၅၅ ရာခိုင်နှုန်း ပိုများနေခဲ့တယ်လို့ ဆိုပါတယ်။ အင်္ဂလန်မှာ မူလဗိုင်းရပ်စ်ထက် ၇၀ ရာခိုင်နှုန်း ပိုမိုကူးစက်နိုင်တဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် တွေ့ရှိခဲ့ရပြီးနောက်ပိုင်း ကူးစက်မှုများ သိသာစွာ မြင့်တက်နေခဲ့ပါတယ်။ အင်္ဂလန်အပါအဝင် ဗြိတိန်တစ်ဝန်းမှာ ယခုအခါ COVID-19 ကူးစက်ခံရသူ ၃.၂ သန်းကျော်နဲ့ သေဆုံးသူ ၈၄,၀၀၀ ကျော်ရှိခဲ့ကြောင်းလည်း သိရပါတယ်။


Author


က္က