၂၀၀၇ ခုနှစ်အတွင်း ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပြီး သေဒဏ်ချမှတ်ခံရသူ ဖြစ်ပါတယ်။
Ko John

အမေရိကန်ပြည်ထောင်စုအစိုးရက သေဒဏ်ချမှတ်ထားခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသမီး မောင့်ဂိုမာရီ (Lisa Montgomery) ကို လူသတ်မှုအတွက် ဇန်နဝါရီ ၁၃ ရက်နေ့ အစောပိုင်းမှာ ကွပ်မျက်လိုက်ကြောင်း သိရပါတယ်။

(သေဒဏ်ဆန့်ကျင်သူများ ဆန္ဒပြစဥ်) (Photo: Reuters)

အမေရိကန်တရားရုံးချုပ်က သူမကို ကွပ်မျက်မှုအား ပယ်ဖျက်ပေးရန် နောက်ဆုံးအယူခံကို ငြင်းပယ်ခဲ့ပြီးနောက် မောင့်ဂိုမာရီကို ကွပ်မျက်လိုက်ကြောင်း မီဒီယာအသိသက်သေအဖြစ် ပါဝင်ခဲ့သူ သတင်းထောက်တစ်ဦးက ပြောပါတယ်။ မောင့်ဂိုမာရီ ကွပ်မျက်မှုဟာ အမေရိကန်အစိုးရက ၁၉၅၃ ခုနှစ်နောက်ပိုင်း ၆၈ နှစ်အတွင်း သေဒဏ်ကျ အမျိုးသမီးအကျဥ်းသူတစ်ဦးကို ပထမဆုံးအကြိမ် ကွပ်မျက်မှုလည်း ဖြစ်လာပါတယ်။

ယခုအခါ အသက် ၅၂ နှစ်အရွယ် မောင့်ဂိုမာရီကို ကွပ်မျက်ခြင်းပြု မပြု ပြည်ထောင်စုတရားရုံးတွေမှာ အချေအတင် လျှောက်လှဲကြားနာခဲ့ကြပါတယ်။ လူသတ်မှုဖြင့် သေဒဏ်ချမှတ်ခံထားရတဲ့ မောင့်ဂိုမာရီကို မူလအစီအစဥ်အရ အင်ဒီယာနာပြည်နယ် Terre Haute မြို့ရှိ အကျဥ်းထောင်မှာ ဇန်နဝါရီ ၁၂ ရက်နေ့က ဆေးထိုးကွပ်မျက်ရန်ဖြစ်ပေမဲ့ ဇန်နဝါရီ ၁၃ ရက် မနက်အစောပိုင်းကျမှသာ ကွပ်မျက်ခဲ့တယ်လို့ ဆိုပါတယ်။

(ကွပ်မျက်ခံရသည့် အမျိုးသမီး မောင့်ဂိုမာရီ) (Photo: AP)

အမေရိကန်မှာ နှစ်ပေါင်း ၇၀ နီးပါးအတွင်း ပထမဆုံး ကွပ်မျက်ခံရတဲ့ သေဒဏ်ကျအမျိုးသမီး မောင့်ဂိုမာရီဟာ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလက မစ်ဆူရီပြည်နယ် Skidmore မြို့မှာ အသက် ၂၃ အရွယ် Bobbie Jo Stinnett ကို သတ်ခဲ့တာဖြစ်ပါတယ်။ သူမက ကိုယ်ဝန် ၈ လရှိနေခဲ့တဲ့ Stinnett ကို ကြိုးတစ်ချောင်းသုံးပြီး လည်ပင်းညှစ်သတ်ခဲ့ကာ Stinnett ရဲ့ သားအိမ်ထဲမှ သမီးလေးကို မီးဖိုးချောင်းသုံးဓားနဲ့ လှီးဖြတ်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

မောင့်ဂိုမာရီကို ကွပ်မျက်ခဲ့မှုအား Stinnett ရဲ့ ဆွေမျိုးအချို့က မျက်မြင်သက်သေအဖြစ် လာရောက်ခဲ့ကြကြောင်း တရားစီရင်ရေးဌာနက ဆိုပါတယ်။ မောင့်ဂိုမာရီရဲ့ ရှေ့နေတွေကတော့ သူမဟာ ကလေးဘဝမှာ သူမရဲ့ ပထွေးနဲ့ ၎င်းရဲ့သူငယ်ချင်းတွေက နှိပ်စက်မှုနဲ့ အကြိမ်ကြိမ် မုဒိမ်းကျင့်မှုတို့ တွေ့ကြုံခဲ့ရပြီးနောက် ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ရာ ကွပ်မျက်ခြင်းမပြုဘဲ ထောင်ဒဏ်တစ်သက် ချမှတ်သင့်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သမ္မတဒေါ်နယ်ထရန့်ထံမှ ပြဏ်ဒဏ်သက်ညှာခွင့်ရရန် ကြိုးပမ်းခဲ့ကြပါတယ်။

(မောင့်ဂိုမာရီကို ကွပ်မျက်ခဲ့သည့် အကျဥ်းထောင်) (Photo: Scott Olson/Getty Images)

မောင့်ဂိုမာရီကို ၂၀၀၇ ခုနှစ်အတွင်း ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပြီး နောက်တစ်ရက်မှာ သေဒဏ်ချမှတ်ခဲ့ကြောင်း သိရပါတယ်။ အမေရိကန်မှာ မောင့်ဂိုမာရီမတိုင်မီ ပြည်ထောင်စုအစိုးရက ကွပ်မျက်ခဲ့ဖူးတဲ့ နောက်ဆုံး အမျိုးသမီးဟာ ဘွန်နီဘရောင်းဟက်ဒီ (Bonnie Brown Heady) ဆိုသူဖြစ်ပြီး သူမကို မစ်ဆူရီပြည်နယ်မှာ အသက်ခြောက်နှစ်အရွယ် ယောက်ျားလေးကို ပြန်ပေးဆွဲ လူသတ်မှုအတွက် ၁၉၅၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့က ကွပ်မျက်ခဲ့ပါတယ်။


Author


က္က