တရုတ်ပြည်မကြီးမှာ လတ်တလော ကူးစက်မှုများ တစ်ကျော့ပြန် မြင့်တက်လာမှုကို ထိန်းချုပ်နေရပါတယ်။
Ko John

တရုတ်နိုင်ငံမှာ ယနေ့ (ဇန်နဝါရီ ၁၄ ရက်) ထုတ်ပြန်မှုအရ COVID-19 ကြောင့် သေဆုံးသူတစ်ဦးရှိလာခဲ့ပြီး ရှစ်လအတွင်း ပထမဆုံး သေဆုံးမှုဖြစ်လာခဲ့ပါတယ်။

(Photo: Reuters)

တရုတ်မှာ လတ်တလော ကူးစက်မှုများ တစ်ကျော့ပြန် မြင့်တက်လာမှုကို ထိန်းချုပ်နေရပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရဲ့ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်အဖွဲ့က COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးရန် လာရောက်မှုအတွက်လည်း ပြင်ဆင်နေရပါတယ်။



COVID-19 ကို တရုတ်မှာစတင်တွေ့ခဲ့ရပေမဲ့ တင်းကျပ်တဲ့ lockdown အစီအမံများ၊ လူအစုအပြုံလိုက် ဗိုင်းရပ်စ်စစ်ဆေးမှုနဲ့ ခရီးသွားလာမှု ကန့်သတ်ခြင်းတို့ဖြင့် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ သို့သော် လတ်တလော သီတင်းများအတွင်းမှာတော့ တရုတ်နိုင်ငံမှာ အထူးသဖြင့် မြောက်ပိုင်းဒေသအတွင်း ပြည်တွင်းကူးစက်မှု အများအပြား အပါအဝင် ကူးစက်မှုများ ပြန်လည်မြင့်တက်နေခဲ့ပါတယ်။

(Photo: AP)

တရုတ်အမျိုးသားကျန်းမာရေးကော်မရှင် (National Health Commission - NHC) က ယနေ့ ထုတ်ပြန်ချက်အရ ကူးစက်ခံရသူ ၁၃၈ ဦး တိုးလာပြီး ထိုအရေအတွက်ဟာ ယမန်နှစ် မတ်လနောက်ပိုင်း တစ်ရက်အတွင်း ကူးစက်မှု အမြင့်ဆုံးဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ NHC ရဲ့ ထုတ်ပြန်ချက်အရ ကူးစက်မှုအသစ်များအနက် ၁၂၄ ဦးဟာ ပြည်တွင်းကူးစက်မှုများဖြစ်ပြီး ဘေဂျင်းပတ်ဝန်းကျင် Hebei ပြည်နယ်မှာ ၈၁ ဦးနဲ့ အရှေ့မြောက်ပိုင်း Heilongjiang ပြည်နယ်မှာ ၄၃ ဦး ဖြစ်ပါတယ်။

ယနေ့ ထုတ်ပြန်မှုမှာ COVID-19 ကြောင့် သေဆုံးသူရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ အာဏာပိုင်တွေက မဖော်ပြခဲ့ဘဲ့ Hebei မှာဖြစ်ကြောင်းသာ ပြောခဲ့ပါတယ်။ လက်ရှိမှာ တရုတ်အစိုးရက Hebei ပြည်နယ်အတွင်းရှိ မြို့တွေကို lockdown လုပ်ထားကြောင်းလည်း သိရပါတယ်။ တရုတ်အာဏာပိုင်တွေက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Hebei ပြည်နယ်မြို့တော် Shijiazhuang မြို့မှာ လူအမြောက်အမြားကို COVID-19 စစ်ဆေးမှုတွေလုပ်ခဲ့ပြီး ကျောင်းများ၊ ဈေးဆိုင်များ ပိတ်ထားပြီး သယ်ယူပို့ဆောင်ရေးစနစ်ကို ရပ်ဆိုင်းခဲ့ပါတယ်။

(Photo: Reuters)

လူဦးရေ ၁၁ သန်းရှိတဲ့ Shijiazhuang မြို့ဟာ တရုတ်မှာ လတ်တလော ဖြစ်ပွားနေတဲ့ ကူးစက်မှုတွေရဲ့ ဗဟိုချက်နေရာလည်း ဖြစ်နေပါတယ်။ Shijiazhuang အပြင် အနီးအနားရှိ လူဦးရေ ၇ သန်း နေထိုင်ကြတဲ့ Xingtai မြို့ကိုလည်း ပြီးခဲ့တဲ့ သောကြာနေ့ (ဇန်နဝါရီ ၈ ရက်) မှစပြီး lockdown သတ်မှတ်ထားပါတယ်။ ထို့အတူ Hebei ပြည်နယ်အတွင်း လူဦးရေ ၅ သန်းရှိတဲ့ Langfang မြို့ကိုလည်း ယခုသီတင်းပတ်အတွင်း lockdown ကြေညာလိုက်ပါတယ်။

ကူးစက်မှုတွေ မြင့်တက်နေတဲ့ Heilongjiang ပြည်နယ်မှာတော့ ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) က အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ပြည်နယ်လူဦးရေ ၃၇ သန်းကို မဖြစ်မနေ လိုအပ်ချက်အရမဟုတ်ပါက ပြည်နယ်ကနေ ထွက်ခွာခြင်းမပြုရန် တားမြစ်ထားပါတယ်။ လူဦးရေသန်းပေါင်း ရာနဲ့ချီ နေရပ်ပြန် ခရီးသွားလေ့ရှိကြတဲ့ လာမယ့် ဖေဖေါ်ဝါရီလအတွင်း တရုတ်နှစ်သစ်ကူး အားလပ်ရက်များ မတိုင်မီ တရုတ်ပြည်မကြီးမှာ ကူးစက်မှုတွေ မြင့်တက်နေမှုက အာဏာပိုင်တွေကအတွက် ခေါင်းခဲစရာဖြစ်နေပါတယ်။ တရုတ်နိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၈၇,၈၄၄ ဦးနဲ့ သေဆုံးသူ ၄,၆၃၅ ဦးရှိခဲ့ကြောင်း AFP သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က