တောင်ကိုရီးယားရဲ့ ပထမဆုံး အမျိုးသမီး ပတ်ဂွမ်ဟေးဟာ သမိုင်းတွင် အဂတိလိုက်စားမှုနဲ့အတူ ရာထူးမှ ဖယ်ရှားခံခဲ့ရပါတယ်။
Ko John

တောင်ကိုရီးယားနိုင်ငံ တရားရုံးချုပ်က အဂတိလိုက်စားမှုဖြင့် သမ္မတဟောင်းပတ်ဂွမ်ဟေးကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်ထားတဲ့ ပြစ်ဒဏ်အား ယနေ့ (ဇန်နဝါရီ ၁၄ ရက်) အတည်ပြုလိုက်ကြောင်း သိရပါတယ်။

(၂၀၁၇ ခုနှစ်အတွင်း ဖမ်းဆီးခံရပြီးနောက် တွေ့ရသည့် ပတ်ဂွမ်ဟေး) (Photo: AFP)

တောင်ကိုရီးယားရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ ပတ်ဂွမ်ဟေးဟာ နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ သမိုင်းတွင် အဂတိလိုက်စားမှုနဲ့အတူ ရာထူးမှ ဖယ်ရှားခံခဲ့ရပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ တရားရုံးချုပ်က ပြစ်ဒဏ်ကို အတည်ပြုလိုက်ခြင်းကြောင့် ၂၀၁၇ ခုနှစ်အတွင်း ရာထူးမှ ဖယ်ရှားခံရပြီး အဖမ်းခံခဲ့ရတဲ့ ပတ်ဂွမ်ဟေးဟာ ထောင်ဒဏ် ၂၂ နှစ်အထိ ကျခံရမှာဖြစ်ပါတယ်။

ပတ်ဂွမ်ဟေးကို ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ သူမရဲ့ပါတီမှ ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ တရားမဝင် စွက်ဖက်ခဲ့မှုဖြင့်လည်း သီးခြားထောင်ဒဏ် ချမှတ်ထားခဲ့ပါတယ်။ ပတ်ဂွမ်ဟေးရဲ့ ထောင်ဒဏ်ကို တရားရုံးချုပ်က အတည်ပြုလိုက်ပေမဲ့ သမ္မတရဲ့ အထူးလွတ်ငြိမ်းချမ်းသာခွင့်ကို မျှော်လင့်နိုင်သေးတယ်လို့ ဆိုပါတယ်။

(ပတ်ဂွမ်ဟေးလွတ်မြောက်ရေး ၂၀၁၈ ခုနှစ်အတွင်း သူမကိုထောက်ခံသူများ ဆန္ဒပြစဥ်) (Photo: AFP)

ပတ်ဂွမ်ဟေး ရာထူးမှ ဖယ်ရှားခံရပြီးနောက် ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ လက်ရှိသမ္မတ မွန်ဂျေအင်းက ယခုအချိန်အထိ သူမကို လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်မှုနဲ့ ပတ်သက်ပြီး တိုက်ရိုက် ထုတ်ဖော်ပြောခြင်း မရှိသေးပါဘူး။ သို့သော် သမ္မတမွန်ဂျေအင်းရဲ့ ဒီမိုကရက်တစ်ပါတီ (Democratic Party) ထင်ရှားတဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဥက္ကဌ Lee Nak-yon ကတော့ ပတ်ဂွမ်ဟေးနဲ့ ထောင်ဒဏ် ၁၇ နှစ် ကျခံနေရတဲ့ နောက်ထပ် သမ္မတဟောင်းတစ်ဦးဖြစ်သူ လီမြောင်ဘတ်တို့ကို အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ့် စိတ်ကူးကို အားပေးထားပါတယ်။

(ပတ်ဂွမ်ဟေး [အလယ်] နှင့် မွန်ဂျေင်း [ယာ] တို့ကို ၂၀၁၇ ခုနှစ် မတ်လအတွင်း တွေ့ရစဥ်) (Photo: Business Korea)

သမ္မတဟောင်းပတ်ဂွမ်ဟေးက သူမကို စွဲချက်တင်မှုနဲ့ ပြစ်ဒဏ်ချမှတ်မှုတို့ဟာ နိုင်ငံရေးလက်စားချေမှုအဖြစ် ပြောဆိုထားခဲ့ပါတယ်။ ပတ်ဂွမ်ဟေးက ၂၀၁၇ ခုနှစ် အောက်တိုဘာလမှစပြီး သူမရဲ့ တရားခွင်တွေကို တက်ရောက်ရန် ငြင်းဆန်ခဲ့ပြီး ယနေ့ တရားရုံးချုပ်က အမိန့်ချမှတ်ရာမှာလည်း လာရောက်ခဲ့ခြင်း မရှိပါဘူး။

ပတ်ဂွမ်ဟေးကို အဂတိလိုက်စားမှု အရှုပ်အထွေးမှာ ပါဝင်ပတ်သက်ခဲ့တာကြောင့် တောင်ကိုရီးယားမှာ လူပေါင်းသန်းနဲ့ချီ ပါဝင်ကြတဲ့ ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပါတယ်။ ပတ်ဂွမ်ဟေးဟာ သူငယ်ချင်းဖြစ်တဲ့ ချိုဆွန်ဆေးလ်နဲ့ ပူးပေါင်းပြီး ဆမ်ဆောင်းနဲ့ Lotte အပါအဝင် နာမည်ကြီး တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းများထံမှ လာဘ်ငွေများရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

(ပတ်ဂွမ်ဟေးရဲ့သူငယ်ချင်း ချိုဆွန်ဆေးလ်) (Photo: Reuters)

ဒါ့အပြင် ပတ်ဂွမ်ဟေးဟာ တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာန (National Intelligence Service - NIS) ထံမှ ကိုရီးယားဝမ်ငွေ ၃.၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၉ သန်း) ရယူခဲ့မှုဖြင့်လည်း စွဲချက်တင်ခံခဲ့ရပါတယ်။ သမ္မတဟောင်း ပတ်ဂွမ်ဟေးရဲ့သူငယ်ချင်း ချိုဆွန်ဆေးလ်ကိုလည်း ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ သမ္မတဖြစ်လာခဲ့တဲ့ ပတ်ဂွမ်ဟေးဟာ တာင်ကိုရီးယားကို ၁၉၆၁ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ သံမဏိစည်းမျဉ်းစည်းကမ်းတွေနဲ့ ကြမ်းတမ်းစွာ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်ဆန်သူ ပတ်ချွန်ဟီးရဲ့ သမီးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က