မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ပျံ့နှံ့နေတဲ့ ကမ္ဘာ့မြောက်ခြမ်းမှာ ပိုကြမ်းနိုင်တယ်လို့ ဆိုခဲ့ပါတယ်။

COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု ဒုတိယနှစ်ဟာ ပထမနှစ်ထက် ပိုမိုကြမ်းတမ်းနိုင်ဖွယ်ရှိကြောင်း၊ အထူးသဖြင့် ကူးစက်မှုန်းပိုမြန်တဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ပျံ့နှံ့နေတဲ့ ကမ္ဘာ့မြောက်ခြမ်းမှာ ပိုကြမ်းတမ်းနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဇန်နဝါရီ ၁၃ ရက်နေ့မှာ ပြောခဲ့ပါတယ်။

(ဒေါက်တာမိုက်ရိုင်ယန်) (Photo: Reuters)

"ကျွန်တော်တို့ ကပ်ရောဂါဖြစ်ပွားနေတဲ့ ဒုတိယနှစ်ထဲကို ရောက်နေပါပြီ၊ ဒီနှစ်က ကူးစက်ပျံ့နှံ့မှု ပိုပြီးတော့တောင် ကြမ်းလာနိုင်ပြီး ဒီပြဿနာအချို့ကို ကျွန်တော်တို့ တွေ့နေရပါတယ်" လို့ WHO ရဲ့ အရေးပေါ်ကိစ္စရပ်များဆိုင်ရာ အကြီးအကဲ ဒေါက်တာမိုက်ရိုင်ယန်က ဆိုရှယ်မီဒီယာပေါ်မှာ ကျင်းပြုလုပ်ခဲ့တဲ့ အခမ်းအနားတစ်ခုအတွင်း ပြောခဲ့ပါတယ်။



လက်ရှိမှာ COVID-19 ကြောင့် သေဆုံးသူဦးရေ ၂ သန်းပြည့်တော့မှာဖြစ်ပြီး လူဦးရေ ၉၁.၅ သန်းကျော် ကူးစက်ခံခဲ့ရပါတယ်။ သီတင်းနှစ်ပတ်ကြာ ကူးစက်မှုလျော့ကျခဲ့ပြီးနောက် ကပ်ရောဂါကူးစက်ဖြစ်ပွားမှု အခြေအနေကို WHO က လေ့လာသုံးသပ်ခဲ့ပါတယ်။ WHO စာရင်းတွေအရ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကမ္ဘာတစ်ဝန်း လူဦးရေ ၅ သန်း COVID-19 ကူးစက်ခံခဲ့ရကြောင်း သိရပါတယ်။

(Photo: AP)

"ကမ္ဘာ့မြောက်ဘက်ခြမ်း အထူးသဖြင့် ဥရောပနဲ့ မြောက်အမေရိကမှာ ရာသီဥတုအေးခြင်း၊ လူတွေ အပြင်သိပ်မထွက်ခြင်း၊ အချင်းချင်း ထိတွေ့မှုပိုများလာခြင်းတို့က နိုင်ငံအများအပြားမှာ ကူးစက်ပျံ့နှံ့မှု မြင့်တက်စေခဲ့ပါတယ်" လို့ မိုက်ရိုင်ယန်က ပြောပါတယ်။ "အားလပ်ရက်တွေပြီးတဲ့နောက် နိုင်ငံအချို့မှာ အခြေအနေက အရင်တုန်းကထက် အများကြီး ပိုဆိုးလာခဲ့တယ်" WHO ရဲ့ COVID-19 နည်းစနစ်ဆိုင်ရာ အကြီးအကဲ မာရီဘာဗန်ကာခိုဗီက ဆိုပါတယ်။

လက်ရှိမှာလည်း ဗြိတိန်မှာ ပထမဆုံးတွေ့လာရတဲ့ ပိုမိုကူးစက်မြန် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို စိုးရိမ်ပူပန်နေကြပါတယ်။ ယခုအခါ ဥရောပတစ်လွှား အစိုးရများက ပိုမိုတင်းကျပ်ပြီး အချိန်ကာလရှည်ကြာတဲ့ ကူးစက်မှုထိန်းချုပ်ရေး အစီအမံတွေကို သတ်မှတ်ထုတ်ပြန်ထားပါတယ်။ COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု တစ်နှစ်ကျော်လွန်ပြီး ဒုတိယနှစ်အတွင်း ရောက်ရှိလာချိန်မှာ နိုင်ငံအသီးသီးဟာ ကူးစက်မှုထိန်းချုပ်ရေးအပြင် ကာကွယ်ဆေးထိုးနှံမှုများ စတင်လုပ်ဆောင်နိုင်ရန်လည်း ကြိုးပမ်းနေကြရပါတယ်။



က္က