ကမ္ဘာ့အစွမ်းအထက်ဆုံးလက်နက်အဖြစ် မြောက်ကိုရီးယားအစိုးရမီဒီယာက ပြောခဲ့ပါတယ်။ 

နျူကလီးယားလက်နက်ပိုင်ဆိုင်းထားတဲ့ မြောက်ကိုရီးယားက ရေငုပ်သင်္ဘောကနေ ပစ်လွှတ်ရတဲ့ ဒုံးကျည်အမျိုးအစားသစ်ကို စစ်ရေးပြအခမ်းအနားမှာ ထုတ်ဖော်ပြသလိုက်ပြီး ကမ္ဘာ့အစွမ်းအထက်ဆုံးလက်နက်အဖြစ် နိုင်ငံပိုင်မီဒီယာ KCNA က ယနေ့ (ဇန်နဝါရီ ၁၅ ရက်) ပြောခဲ့ပါတယ်။ 

(Phohto: KCNA)

ပြုံယမ်းမြို့မှာ ယမန်နေ့ (ဇန်နဝါရီ ၁၄ ရက်) က ကျင်းပပြုလုပ်ခဲ့တဲ့ စစ်ရေးပြအခမ်းအနားကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် တက်ရောက်ခဲ့ကြောင်းလည်း သိရပါတယ်။ ကင်မ်ဂျုံအန်က အလုပ်သမားပါတီ ညီလာခံ မိန့်ခွန်းအတွင်း အမေရိကန်ဟာ မြောက်ကိုရီးယားရဲ့ အကြီးဆုံးရန်သူအဖြစ် ပြောကြားခဲ့ပြီးနောက် ယခု စစ်ရေးပြအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။



ကင်မ်ဂျုံအန်က မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ပိုင်ဆိုင်မှုနဲ့ စစ်တပ်စွမ်းရည်ကို တိုးချဲ့မြှင့်တင်မယ်လို့ ပါတီညီလာခံမှာ ကတိပြု ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားရဲ့ နျူကလီးယား ရေငုပ်သင်္ဘောတစ်စီးအတွက် အစီအစဥ်များ အပြီးသတ်လုနီးပြီလို့ ၎င်းကဆိုပါတယ်။

(Phohto: KCNA)

သားရေကုတ်အင်္ကျီဝတ်ဆင်ကာ သိုးမွှေးဦးထုပ်ဆောင်းထားတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ပြုံယမ်းမြို့ရှိ ကင်မ်အီလ်ဆွန်းရင်ပြင်မှာ ကျင်းပပြုလုပ်တဲ့ စစ်ရေးပြအခမ်းအနားကို တက်ရောက်ခဲ့တဲ့ပုံရိပ်ကို KCNA (Korean Central News Agency) သတင်းက ဖော်ပြပါတယ်။ အမေရိကန်မှာ သမ္မတသစ်အဖြစ် ဂျိုးဘိုင်ဒန်က ကျမ်းသစ္စာကျိန်ဆိုပြီး တရားဝင် ရာထူးလွှဲပြောင်းရယူတော့မယ့် ရက်ပိုင်းအလိုမှာ မြောက်ကိုရီးယားက ၎င်းတို့ရဲ့ စစ်ရေးအင်အားကို ပြသခဲ့တာလည်း ဖြစ်ပါတယ်။

(Phohto: KCNA)

KCNA က ဖော်ပြခဲ့တဲ့ သတင်းဓာတ်ပုံတွေအရ အဖြူနဲ့ အမည်းရောင် ဒုံးကျည်လေးစင်းထက်မနည်းကို တွေ့ရပါတယ်။ မြောက်ကိုရီးယားအရေး လေ့လာဆန်းစစ်သူတွေက ယခု ဒုံးကျည်တွေဟာ ယခင် မမြင်တွေ့ခဲ့ဖူးတဲ့ လက်နက်ဖြစ်ကြောင်း မှတ်ချက်ပြုပါတယ်။ မြောက်ကိုရီးယား စစ်ရေးပြအခမ်းအနားမှာ ခြေလျင်တပ်သားများ၊ အမြောက်များနဲ့ တင့်ကားများလည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။



က္က