ပြင်သစ်မှာ COVID-19 ကြောင့် လက်ရှိအချိန်အထိ လူ ၇၀,၀၀၀ နီးပါး သေဆုံးခဲ့ပါတယ်။
Ko John

ပြင်သစ်နိုင်ငံတစ်ဝန်း COVID-19 ကူးစက်မှုထိန်းချုပ်ရေး ညနေ ၆ နာရီမှစပြီး ညမထွက်ရအမိန့်ထုတ်ပြန်မှု ဇန်နဝါရီ ၁၆ ရက်နေ့ ညနေမှာ စတင်သက်ရောက်ခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

ပြင်သစ်မှာ COVID-19 ကြောင့် လက်ရှိအချိန်အထိ လူ ၇၀,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ကမ္ဘာတစ်ဝန်း သေဆုံးမှုအများဆုံး သတ္တမမြောက် နိုင်ငံလည်းဖြစ်ပါတယ်။ ယခုအခါ ပြင်သစ်အစိုးရက ဗြိတိန်မှာစတင်တွေ့ရတဲ့ ပိုမိုကူးစက်နိုင်တဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို အထူးစိုးရိမ်နေတယ်လို့ ဆိုပါတယ်။



ပြင်သစ်မှာ ယခင်က ညမထွက်ရအမိန့်ကို ည ၈ နာရီမှ နောက်တစ်နေ့မနက် ၆ နာရီအထိ သတ်မှတ်ထားခဲ့ရာမှ ယခုအခါ ညနေ ၆ နာရီမှ မနက် ၆ နာရီအထိ ပြောင်းလဲသတ်မှတ်လိုက်တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဥရောပပြင်ပမှ ပြင်သစ်နိုင်ငံသို့ လာရောက်သူအားလုံးဟာ တနင်္လာနေ့ (ဇန်နဝါရီ ၁၈ ရက်) မှစပြီး COVID-19 ကင်းရှင်းကြောင်း ဆေးစစ်မှုအဖြေ တင်ပြရမှာဖြစ်ကာ သီတင်းတစ်ပတ်ကြာ သီးခြားခွဲ အသွားအလာကန့်သတ် နေထိုင်ရမယ်လို့ သတ်မှတ်လိုက်ပါတယ်။

(Photo: Reuters)

"ဒီစီမံဆောင်ရွက်မှုတွေက အခြေအနေအရ မလွှဲမရှောင်သာ လိုအပ်ပါတယ်၊ ကျွန်တော်တို့ ပတ်ဝန်းကျင်က နိုင်ငံအများအပြားထက် အခြေအနေကောင်းနေဆဲပါ၊ ဒါပေမဲ့ ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇပြောင်းလဲမှုက ကျွန်တော်တို့ အစွမ်းကုန် သတိထားရမှာဖြစ်တာကြောင့် ဒီစီမံဆောင်ရွက်မှုတွေကို သတ်မှတ်ခဲ့တာဖြစ်ပါတယ်" လို့ ပြင်သစ်ဝန်ကြီးချုပ် Jean Castex က ပြောပါတယ်။

ပြင်သစ်မှာ နေ့အလိုက် ကူးစက်မှုအသစ်များ ၂၀,၀၀၀ ဝန်ကျင်းဖြင့် တည်ငြိမ်နေပေမဲ့ ဆေးရုံတက်ရသူ အထူးသဖြင့် အထူးကြပ်မတ်ကုသခန်းတွေမှာ ကုသမှုခံရယူသူ တဖြည်းဖြည်းမြင့်တက်နေဆဲ ဖြစ်ပါတယ်။ ထိုအတောအတွင်း ပြင်သစ်အစိုးရဟာ COVID-19 ကာကွယ်ဆေးထိုးနှံမှု အစီအစဥ် လုပ်ဆောင်ရာမှာ နှေးကွေးကြောင်း ဝေဖန်ခံနေရပါတယ်။ ပြင်သစ်မှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၂.၈၇ သန်းနဲ့ သေဆုံးသူ ၆၉,၉၄၉ ဦးရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က