ရေခဲမုန့်ဘူး အများအပြားကို ပြန်လည်သိမ်းဆည်းခဲ့ပါတယ်။

တရုတ်နိုင်ငံအရှေ့ပိုင်းမှာ ထုတ်လုပ်တဲ့ ရေခဲမုန့်ပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိရတာကြောင့် ထိုရေခဲမုန့်နဲ့ တစ်သုတ်တည်းထုတ်လုပ်ထားတဲ့ ရေခဲမုန့်ဘူးတွေကို ပြန်လည်သိမ်းဆည်းခဲ့ပြီး ရောင်းချထားခဲ့တဲ့ ရေခဲမုန့်တွေကို ခြေရာခံ ရှာဖွေနေကြောင်း သိရပါတယ်။

(Photo: Reuters)

တရုတ်နိုင်ငံမြို့တော် ဘေဂျင်းမြို့နဲ့ ကပ်လျက်တည်ရှိတဲ့ တီယန်ကျင်းမြို့ရှိ Daqiaodao Food အစားအစာကုမ္ပဏီက ထုတ်လုပ်ခဲ့တဲ့ ရေခဲမုန့်ပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ထိုကုမ္ပဏီမှ ဝန်ထမ်းများထံမှာ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု စစ်ဆေးတွေ့ရှိရပြီးနောက် ကုမ္ပဏီကို အဝင်အထွက် ကန့်သတ်ပိတ်ပင်ထားကြောင်း တီယန်ကျင်းမြို့ အာဏာပိုင်တွေက ထုတ်ပြန်ချက်တစ်ရပ်မှာ ပြောထားပါတယ်။



လက်ရှိအချိန်အထိ ရေခဲမုန့်ကနေ တစ်စုံတစ်ဦးကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်သွားခဲ့မှု မရှိသေးဘူးလို့ ဆိုပါတယ်။ ဗိုင်းရပ်စ်တွေ့ရတဲ့ ရေခဲမုန့်နဲ့ တစ်သုတ်တည်းထုတ်လုပ်ထားတဲ့ ရေခဲမုန့်ဘူး ၂၉,၀၀၀ အနက်မှ အများစုကို ရောင်းချရခြင်းမရှိသေးကြောင်းလည်း အစိုးရက ပြောပါတယ်။

(Photo: AP)

တီယန်ကျင်းမှာ ရောင်းချထားခဲ့ပြီးဖြစ်တဲ့ ရေခဲမုန့် ၃၉၀ နဲ့ ပတ်သက်ပြီး ခြေရာခံ ရှာဖွေနေခဲ့ကြောင်းနဲ့ အခြားနေရာများမှ အာဏာပိုင်တွေကိုလည်း အဆိုပါ ကုမ္ပဏီထုတ် ရေခဲမုန့်ရောင်းချမှုနဲ့ ပတ်သက်ပြီး အသိပေး အကြောင်းကြားထားတယ်လို့ သိရပါတယ်။ Daqiaodao Food ကုမ္ပဏီထုတ် ရေခဲမုန့်တွေမှာ နယူးဇီလန်နဲ့ ယူကရိန်းနိုင်ငံတို့မှ နို့ထွက်ပစ္စည်းထုတ်ကုန်များပါဝင်ကြောင်း တရုတ်အစိုးရက ပြောပါတယ်။

တရုတ်နိုင်ငံမှာ ဇန်နဝါရီ ၁၇ ရက် ထုတ်ပြန်ချက်အရ COVID-19 ကူးစက်ခံရသူ ၁၀၉ ဦး တိုးလာခဲ့ရာ ၎င်းတို့အနက် သုံးပုံနှစ်ပုံဟာ ဘေဂျင်းနဲ့ထိစပ်နေတဲ့ မြောက်ပိုင်းပြည်နယ်တစ်ခုမှဖြစ်ပြီး သေဆုံးမှုမရှိခဲ့ပါဘူး။ နောက်ထပ်တိုးလာတဲ့ ကူးစက်ခံရသူတွေအနက် ၇၂ ဦးဟာ Hebei ပြည်နယ်မှ ဖြစ်ပါတယ်။

(Photo: Reuters)

ထိုပြည်နယ်အတွင်း ကူးစက်မှုများ မြင့်တက်နေခဲ့ရာ အစိုးရက လူနာများထားရှိရန် စုစုပေါင်း အခန်း ၉,၅၀၀ ပါဝင်တဲ့ ဆေးရုံများ အလျင်အမြန် တည်ဆောက်နေကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင် (National Health Comission - NHC) က ပြောပါတယ်။ COVID-19 ကို တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက စတင်တွေ့ရှိခဲ့တာဖြစ်ပေမဲ့ ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

သို့သော် ပြီးခဲ့တဲ့ ဒီဇင်ဘာလမှစပြီး တရုတ်မှာ ရာနဲ့ချီတဲ့ ကူးစက်မှုအသစ်များ တစ်ကျော့ပြန် တွေ့ရှိလာခဲ့ရပါတယ်။ NHC ကတော့ ထိုကူးစက်မှုတွေဟာ ခရီးသွားတွေနဲ့ ပြည်ပမှတင်သွင်းတဲ့ ကုန်ပစ္စည်းတွေကြောင့်ဖြစ်ပြီး ၎င်းတို့က ဗိုင်းရပ်စ်ကို ပြည်ပကနေ ယူဆောင်လာခဲ့ကြကြောင်း အပြစ်ဖို့ခဲ့ပါတယ်။ တရုတ်မှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၈၈,၂၂၇ ဦးနဲ့ သေဆုံးသူ ၄,၆၅၃ ဦးရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က