သံသယရှိသူ ၁၄ ဦးကို စစ်ဆေးမေးမြန်းခဲ့ပြီးနောက် အရာရှိတွေက စီးနင်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
Ko John

မလေးရှားနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနရဲ့ သမိုင်းတစ်လျှောက် အကြီးမားဆုံးပမာဏအဖြစ် ဂျိုဟာပြည်နယ်ရဲတပ်ဖွဲ့က မလေးရှားရင်းဂစ် ၂၀၁ သန်း (အမေရိကန်ဒေါ်လာ ၄၉.၈ သန်း) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း အာဏာပိုင်တွေက ဇန်နဝါရီ ၁၇ ရက်နေ့မှာ ပြောပါတယ်။

(Photo: HRH Crown Prince of Johor/Facebook)

မူးယစ်ဆေးဝါး သယ်ဆောင်မှုနဲ့ ဖြန့်ဖြူးသူတွေအဖြစ် သံသယရှိသူ ၁၄ ဦးကို စစ်ဆေးမေးမြန်းခဲ့ပြီးနောက် အရာရှိတွေက ကြာသပတေးနေ့ (ဇန်နဝါရီ ၁၄ ရက်) နဲ့ သောကြာနေ့ (ဇန်နဝါရီ ၁၅ ရက်) တို့မှာ စီးနင်းမှုသုံးခု ပြုလုပ်ခဲ့ကြပါတယ်။ ၎င်းတို့ကို ဂျိုဟာဘာရူးမြို့မှာ အင်္ဂါနေ့ (ဇန်နဝါရီ ၁၂ ရက်) က ဖမ်းဆီးရမိခဲ့ကြောင်း ဂျိုဟာပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ Ayob Khan Mydin Pitchay က ပြောပါတယ်။



အင်္ဂါနေ့က ကနဦး စီးနင်းရှာဖွေခဲ့ရာမှာ Narcotics Crime Investigation Department (NCID) က မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ ဓာတ်ခွဲခန်းနှစ်ခုနဲ့ မလေးရှားရင်းဂစ် ၁၂၅.၈ သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိုလှောင်ထားတဲ့ ဂိုဒေါင်နှစ်ခုကို တွေ့ရှိခဲ့ကြောင်း Ayob Khan က ဆိုပါတယ်။

(Photo: HRH Crown Prince of Johor/Facebook)

"ဖမ်းဆီးရမိခဲ့တဲ့ သံသယရှိသူကို စစ်ဆေးမေးမြန်းခဲ့ရာကနေ မူးယစ်ဆေးဝါးတွေ သိုလှောင်ထားရှိတဲ့ အခြား နေရာသုံးခုကို ရဲတပ်ဖွဲ့က စီးနင်းခဲ့တာဖြစ်ပါတယ်။ အတိအကျပြောရရင် Taman Mount Asutin မှာ စက်ရုံတစ်ရုံနဲ့ TamanSetia Indah မှာ ငှားရမ်းထားတဲ့ နေအိမ်နှစ်လုံးပါ" လို့ ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။

ထိုသို့ စီးနင်းရှာဖွေမှုများအတွင်း အက်စတာစီအမှုန့် (Ecstasy powder) ၃.၂ တန်၊ အက်စတာစီအရည် ၂၆.၁ ကီလိုဂရမ်နဲ့ Erimin-5 အမှုန့် ၁၁၇ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ခန့်မှန်းချက်အရ အဆိုပါ မူးယစ်ဆေးဝါးတွေဟာ မူးယစ်ဆေးစွဲနေသူ ၁၁ သန်း အသုံးပြုနိုင်တဲ့ ပမာဏဖြစ်တယ်လို့ Ayob Khan က ပြောပါတယ်။

(Photo: HRH Crown Prince of Johor/Facebook)

မူးယစ်ဆေးဝါးမှုဖြင့် သံသယရှိသူတွေထံမှ ဇိမ်ခံကားများ၊ ငွေသား မလေးရင်းဂစ် ၅ သန်း၊ မလေးရှားရင်းဂစ် ၂၃၁,၉၆၁ နဲ့ ညီမျှတဲ့ နိုင်ငံခြားငွေစက္ကူများ၊ မလေးရှားရင်းဂစ် ၁၂၄,၄၃၅ တန်ဖိုးရှိ ကျောက်မျက်ရတနာ အမျိုးအစား ၃၀၊ မလေးရှားရင်းဂစ် ၂၅၀,၀၀၀ တန်ဖိုးရှိ Rolex တံဆိပ် နာရီသုံးလုံးနဲ့ စုစုပေါင်း မလေးရှားရင်းဂစ် ၁.၂၃ သန်းရှိတဲ့ ဘဏ်အကောင့်စာအုပ် ၆၂ ခုကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

ယခုအမှုနဲ့ ဆက်စပ်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်တဲ့အဖွဲ့မှာ ပါဝင်ခဲ့သူတွေအဖြစ် သံသယရှိသူ အသက် ၃၄ နှစ်နဲ့ ၃၈ နှစ်အရွယ် ဒေသခံ အမျိုးသားနှစ်ဦးကို ဇန်နဝါရီ ၁၄ ရက်နေ့က Taman Mount Austin မှာတစ်ဦးနဲ့ ဇန်နဝါရီ ၁၆ ရက်နေ့က Ulu Tiram မြို့ရှိ Taman Gaya အရပ်မှာတစ်ဦး ဖမ်းဆီးခဲ့ပါတယ်။

(Photo: HRH Crown Prince of Johor/Facebook)

ဖမ်းဆီးခဲ့တဲ့ ထိုအမျိုးသားနှစ်ဦးအနက် တစ်ဦးဟာ စက်ပြင်ဆရာဖြစ်ပြီး မူးယစ်ဆေးဝါးများ သိုဝှက်သယ်ဆောင်ရန် ကားအတွင်းနေရာများ ပြုလုပ်ပေးခဲ့သူလို့ ဆိုပါတယ်။ "ဒီအဖွဲ့က ၂၀၁၈ ခုနှစ်ကတည်းက မူးယစ်ဆေးဝါးရောင်းဝယ်မှု လုပ်နေခဲ့ကြပါတယ်၊ မူးယစ်ဆေးဝါး ထုတ်လုပ်ဖို့နဲ့ သိုလှောင်ဖို့အတွက် စက်ရုံနေရာတွေနဲ့ အိမ်တွေ ငှားရမ်းလုပ်ကိုင်ခဲ့ကြပါတယ်" လို့ ဂျိုဟာပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။

ဇန်နဝါရီ ၁၂ ရက်နေ့မှစပြီး လက်ရှိအချိန်အထိ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေရဲ့ စုစုပေါင်းတန်ဖိုးဟာ မလေးရှားရင်းဂစ် ၃၄၁.၇၉ သန်းအထိဖြစ်ကြောင်းနဲ့ ရဲတပ်ဖွဲ့က ကျန်ရှိနေတဲ့ အဖွဲ့ဝင်တွေကို လိုက်လံရှာဖွေသွားမယ်လို့ Ayob Khan က ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က