ကာကွယ်ဆေးထိုးပြီးသူတွေကို အထူးလွတ်လပ်ခွင့်ပေးရန် ငြင်းပယ်ခဲ့ကြတဲ့ အခြား ဝန်ကြီးတွေနဲ့ ကွဲလွဲနေခဲ့ပါတယ်။

COVID-19 ကာကွယ်ဆေးထိုးပြီးသူတွေကို အခြားသူတွေထက်စောပြီး ကူးစက်မှုထိန်းချုပ်ရေးစည်းမျဥ်းများ ဖြေလျှော့ပေးကာ စားသောက်ဆိုင်နဲ့ ရုပ်ရှင်ရုံများသို့ သွားခွင့်ပြုသင့်ကြောင်း ဂျာမနီဝန်ကြီးတစ်ဦးက ပြောကြားလိုက်ပါတယ်။

(ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Heiko Maas) (Photo: Reuters)

၎င်းရဲ့ပြောကြားမှုဟာ ကာကွယ်ဆေးထိုးပြီးသူတွေကို အထူးလွတ်လပ်ခွင့်ပေးရန် ငြင်းပယ်ခဲ့ကြတဲ့ အခြား ဂျာမနီအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ ဆန့်ကျင်ကွဲလွဲနေခဲ့ပါတယ်။ ဂျာမနီက ကူးစက်မှုထိန်းချုပ်ရန်နဲ့ ဆေးရုံတွေမှာ မနိုင်မနင်းမဖြစ်စေရန် လူတွေရဲ့ အခြေခံအခွင့်အရေးကို အလွန်အမင်း ကန့်သတ်ထားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး Heiko Maas က ပြောခဲ့ပါတယ်။



"ကာကွယ်ဆေးထိုးပြီးသူတွေက အခြားသူတွေကို ကူးစက်နိုင်တဲ့အခြေအနေ ဘယ်လောက်ရှိတယ်ဆိုတာ အပြီးသတ် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး၊ ရှင်းတာကတော့ ကာကွယ်ဆေးထိုးပြီးသူတစ်ယောက်က ဘယ်သူ့ဆီကမှ အသက်ရှူအကူစက်ယူမှာ မဟုတ်တော့ပါဘူး၊ ဒီအချက်ကပဲ အခြေခံ လူ့အခွင့်အရေးတွေ ကန့်သတ်ထားတာကို ဖြေလျှော့ပေးဖို့ အဓိက အကြောင်းပြချက် ဖြစ်ပါတယ်" လို့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးက ထောက်ပြခဲ့ပါတယ်။

(ဂျာမနီမှ ကာကွယ်ဆေးထိုးပေးသည့်နေရာတစ်ခု) (Photo: Reuters)

ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Heiko Maas ရဲ့ မှတ်ချက်ဟာ အခြား ဂျာမနီဝန်ကြီးတွေနဲ့ ဆန့်ကျင်ကွဲလွဲနေခဲ့ပါတယ်။ အခြားဝန်ကြီးတွေက ကာကွယ်ဆေးထိုးပြီးသူတွေကို ထိုသို့ အထူးအခွင့်အရေးပေးခြင်းဖြင့် လူတိုင်း ကာကွယ်ဆေးထိုးခွင့်မရသေးချိန်မှာ အများပြည်သူကြား မမျှတမှုတွေ ဖြစ်လာစေနိုင်ကြောင်း စိုးရိမ်ပူပန်စရာလို့ ပြောခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Heiko Maas ကတော့ COVID-19 ကာကွယ်ဆေးထိုးပြီးသူတွေကို စားသောက်ဆိုင်များ၊ ရုပ်ရှင်ရုံများ၊ ကဇာတ်ရုံများနဲ့ ပြတိုက်များသို့ သွားခွင့်ပြုသင့်တယ်လို့ ဆိုပါတယ်။ Heiko Maas ရဲ့ မှတ်ချက်နဲ့ အခြားဝန်ကြီးတွေရဲ့ သဘောထားများ ဆန့်ကျင်ကွဲလွဲနေတဲ့ ယခုကိစ္စကို ကျန်းမာရေးဝန်ကြီးဌာနနဲ့ တရားရေးဝန်ကြီးဌာနတို့မှ ပြောခွင့်ရပုဂ္ဂိုလ်တွေက ထင်မြင်ချက်ပေးရန် ငြင်းဆန်ခဲ့ကြောင်း Reuters သတင်းက ဖော်ပြထားပါတယ်။

(ဂျာမနီမှ ကာကွယ်ဆေးထိုးပေးသည့်နေရာတစ်ခု) (Photo: Reuters)

ဂျာမနီမှာ ဇန်နဝါရီ ၁၅ ရက်နေ့အထိ လူဦးရေတစ်သန်းဝန်းကျင်ကို COVID-19 ကာကွယ်ဆေး ထိုးပေးခဲ့ပြီးဖြစ်ကြောင်း Robert Koch Institute ရဲ့ အချက်အလက်တွေအရ သိရှိရပါတယ်။ ဂျာမနီမှာ ၂၀၂၀ နှစ်ကုန်ပိုင်းအထိ လူဦးရေ ၈၃.၂ သန်းခန့် နေထိုင်ကြကြောင်း စာရင်းရုံးမှ အချက်အလက်တွေက ဖော်ပြပါတယ်။ ဂျာမနီမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၂ သန်းကျော်၊ သေဆုံးသူ ၄၇,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာလာသူ ၁.၆၇ သန်းရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က