လူအစုအပြုံလိုက် တရားမဝင် သွားလာလှုပ်ရှားမှုတွေကို လက်ခံမှာမဟုတ်ဘူးလို့ ဂွာတီမာလာအစိုးရက ပြောခဲ့ပါတယ်။
Ko John

အမေရိကန်နိုင်ငံသို့သွားရောက်ရန် ကြိုးပမ်းကြတဲ့ ရွှေ့ပြောင်းအခြေချသူ ထောင်နဲ့ချီတဲ့ လူအုပ်စုတန်းကို ဂွာတီမာလာနိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့က နံပါတ်တုတ်များနဲ့ မျက်ရည်ယိုဗုံးများသုံးပြီး ဟန့်တားခဲ့ကြပြီး ဝရုန်းသုန်းကားအခြေအနေ ဖြစ်ခဲ့ပါတယ်။

(Photo: EPA)

ယမန်နေ့ (ဇန်နဝါရီ ၁၇ ရက်) က ဟွန်ဒူးရပ်စ်နိုင်ငံနဲ့ နယ်စပ်အနီး လမ်းမတစ်ခုပေါ်မှာ ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းအခြေချသူတွေကို ကြားဖြတ်ဟန့်တားခဲ့ပါတယ်။ ယခုကဲ့သို့ လူအစုအပြုံလိုက် တရားမဝင် သွားလာလှုပ်ရှားမှုတွေကို လက်ခံမှာမဟုတ်ဘူးလို့ ဂွာတီမာလာအစိုးရက ပြောခဲ့ပါတယ်။



ဟွန်ဒူးရပ်စ်နိုင်ငံမှာ အများစုပါဝင်တဲ့ ခန့်မှန်းခြေ ၇,၀၀၀ ခန့်ရှိတဲ့ ရွှေ့ပြောင်းသူတွေဟာ ဆင်းရဲမွဲတေမှုနဲ့ အကြမ်းဖက်မှုတို့မှ လွတ်မြောက်ရာသို့ လတ်တလော ရက်ပိုင်းအတွင်း ထွက်ပြေးလာခဲ့ကြတာ ဖြစ်ပါတယ်။ ၎င်းတို့ဟာ မက္ကစီကိုသို့သွားရောက်ပြီး ထိုမှတစ်ဆင့် အမေရိကန်နယ်စပ်သို့ ရောက်ရှိနိုင်ရန် မျှော်လင့်ထားခဲ့ကြပါတယ်။

(Photo: EPA)

ဗဟိုအမေရိကမှ ရွှေပြောင်းအခြေချသူ ထောင်ပေါင်းများစွာဟာ နှစ်စဥ်နှစ်တိုင်း အမေရိကန်သို့ရောက်ရှိရန် ယခုကဲ့သို့ အန္တရာယ်များတဲ့ခရီးဖြင့် ကြိုးပမ်းနေကြပြီး ခြေလျင်သွားလာကြသူတွေလည်း မကြာခဏ ရှိခဲ့ပါတယ်။ ဒီမိုကရက်တစ်ပါတီမှ ရွေးကောက်ခံအမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သမ္မတဒေါ်နယ်ထရန့် လက်ထက်မှာ ချမှတ်ထားခဲ့တဲ့ ရွှေ့ပြောင်းအခြေချသူတွေကို ဝင်ရောက်ခွင့်ကန့်သတ်ထားတဲ့ မူဝါဒများကို အဆုံးသတ်မယ်လို့ ပြောကြားထားခဲ့ပါတယ်။

သို့သော် ဇန်နဝါရီ ၂၀ ရက်နေ့မှာ တရားဝင် အာဏာလွှဲပြောင်းရယူမယ့် ဂျိုးဘိုင်ဒန်အစိုးရက ရွှေ့ပြောင်းအခြေချသူတွေကို ယခုကဲသို့ ခရီးများဖြင့်လာရောက်ခြင်းမပြုကြရန်နဲ့ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ မူဝါဒတွေဟာ နေ့ချင်းညချင်း ပြောင်းလဲသွားမှာမဟုတ်ကြောင်း သတိပေးခဲ့ပါတယ်။

(Photo: Reuters)

ယမန်နေ့က ရွှေ့ပြောင်းအခြေချသူ ထောင်နဲ့ချီပြီး ဂွာတီမာလာကို ဖြတ်သန်းကာ မက္ကစီကိုနယ်စပ်သို့ ဦးတည်ခဲ့ကြရာ ၎င်းတို့ကို လုံခြုံရေးတပ်ဖွဲ့က နိုင်ငံအရှေ့တောင်ပိုင်း Vado Hondo ကျေးရွာအနီး လမ်းမတစ်ခုပေါ်မှာ ပိတ်ဆို့ဟန့်တားခဲ့ပါတယ်။ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့အရာရှိတွေက လမ်းမကိုပတ်ဆို့ထားပြီး ရှေ့ဆက်မသွားနိုင်ရန် တားမြစ်ခဲ့ကြပါတယ်။

လူအချို့က ပိတ်ဆို့ထားမှုကို ဖြတ်ကျော်ပြီး ‌ရှေ့ဆက်သွားရန် ကြိုးပမ်းခဲ့ကြရာ လုံခြုံရေးတပ်ဖွဲ့က ၎င်းတို့ကို နောက်ဘက်သို့ ပြန်တွန်းထုတ်ခဲ့ပါတယ်။ ဒေသခံမီဒီယာက ရိုက်ကူးထားတဲ့ ဗီဒီယိုမှာ လုံခြုံရေးတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ အဓိကရုဏ်းဖြိုခွင်းရေး ဒိုင်းကာများနဲ့ တုတ်ချောင်းများသုံးပြီး ရွှေ့ပြောင်းအခြေချသူတွေကို ဟန့်တားခဲ့ပါတယ်။ ထိုဖြစ်ရပ်အတွင်း လူအများအပြား ဒဏ်ရာရခဲ့ကြတယ်လို့ ဆိုပါတယ်။

(Photo: Reuters)

နောက်ပိုင်းမှာတော့ ရွှေ့ပြောင်းအခြေချရန် ကြိုးပမ်းသူအများအပြားဟာ နောက်ကြောင်းပြန်ဆုတ်သွားခဲ့ကြပြီး အချို့ကတော့ နောက်ထပ် ဖြတ်ကျော်သွားရန် ပိတ်ဆို့ထားတဲ့ လမ်းမနေရာအနီး စောင့်ဆိုင်းနေခဲ့ကြပါတယ်။ အခြား ရွှေ့ပြောင်းအခြေချသူတွေကတော့ အနီးအနားရှိ တောင်တန်းများပေါ်သို့ ထွက်ပြေးသွားခဲ့ကြကြောင်း BBC သတင်းက ဖော်ပြပါတယ်။ ဂွာတီမလာအစိုးရက ယခုကဲ့သို့ လူအစုအပြုံလိုက် တရားမဝင် သွားလာလှုပ်ရှားမှုတွေကို လက်ခံမှာမဟုတ်ကြောင်း၊ ထို့ကြောင့် အိမ်နီးချင်း နိုင်ငံတွေနဲ့ အတူတကွလုပ်ဆောင်ပြီး ယခု ဒေသတွင်းကိစ္စကို ဖြေရှင်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

.


Author


က္က