ပိတ်မိနေတဲ့ မိုင်းတွင်းလုပ်သားတွေက ကယ်ဆယ်ရေးသမားများထံသို့ စာတိုတစ်စောင် ရေးသားပေးပို့ခဲ့ပါတယ်။

တရုတ်နိုင်ငံမှ ရွှေတွင်းတစ်ခုမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် မြေအောက်မှာပိတ်မိနေခဲ့ကြတဲ့ မိုင်းတွင်းလုပ်သား ၁၂ ဦးဟာ တစ်ပတ်ကြာအထိ အသက်ရှင်နေဆဲဖြစ်ကြောင်း ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

(Photo: The Canadian Press)

အစိုးရသတင်းဌာနက ဖော်ပြမှုအရ မြေအောက်မှာပိတ်မိနေတဲ့ မိုင်းတွင်းလုပ်သားတွေက ခုနစ်ရက်ကြာပြီးနောက်ကယ်ဆယ်ရေးသမားများထံသို့ စာတိုတစ်စောင် ရေးသားပေးပို့ခဲ့ကြောင်း သိရပါတယ်။ ရွှေတွင်းမှာ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ပျောက်ဆုံးနေတဲ့ နောက်ထပ် မိုင်းတွင်းလုပ်သာ ၁၀ ဦးရဲ့ ကံကြမ္မာကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။



တရုတ်မှာ မိုင်းတွင်းလုပ်ငန်း မတော်တဆမှုတွေဟာ အထူးအဆန်းမဟုတ်ဘဲ ဘေးကင်းလုံခြုံမှုဆိုင်ရာ စည်းမျဥ်းစည်းကမ်းများ အားနည်းချက်ကြောင့် မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။ Shangdong ပြည်နယ် Yantai မြို့အနီးရှိ Hushan မိုင်းတွင်းမှာ ဇန်နဝါရီ ၁၀ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာမှ ထွက်ပေါက်နဲ့ ဆက်သွယ်ရေးစနစ် ပျက်စီးသွားခဲ့ပြီး မိုင်းတွင်းလုပ်သား ၂၂ ဦး မြေအောက်မှာ ပိတ်မိခဲ့ကြပါတယ်။

(Photo: Wang Kai/Xinhua/picture-alliance)

အဆိုပါ ရွှေတူးဖော်ရေး မိုင်းတွင်းဟာ လက်ရှိမှာ လုပ်ငန်းလုပ်ကိုင်နေခြင်းမရှိသေးဘဲ တည်ဆောက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ယခုအခါ နိုင်ငံပိုင်မီဒီယာက ဖော်ပြမှုအရ ကယ်ဆယ်ရေးသမားတွေက ကျဥ်းမြောင်းတဲ့ တွင်းပေါက်တစ်ခု တူးခဲ့ပြီးနောက် ထိုတွင်းပေါက်မှတစ်ဆင့် မြေအောက်မှာပိတ်မိနေတဲ့ မိုင်းတွင်းလုပ်သားအချို့ထံ ဆက်သွယ်နိုင်ခဲ့ကြကြောင်း သိရပါတယ်။

တွင်းပေါက်ကနေ ချပေးခဲ့တဲ့ကြိုးကို မြေအောက်မှဆွဲယူခဲ့ပြီး နောက်ပိုင်းမှာတော့ အစားအစာ၊ ဆေးဝါး၊ စက္ကူနဲ့ ခံတံများ ထိုတွင်းပေါက်ကနေ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ မြေအောက်မှာပိတ်မိနေတဲ့ မိုင်းတွင်းလုပ်သားတွေက ထိုတွင်းပေါက်ကနေတစ်ဆင့် ပေးပို့လိုက်တဲ့ စာတိုထဲမှာ မိုင်းတွင်းရဲ့ အလယ်ပိုင်းနေရာမှာ လူ ၁၂ ဦး အသက်ရှင်လျက်ရှိနေကြောင်းနဲ့ အခြား ၁၀ ဦးရဲ့ အခြေအနေကို အတိအကျ မသိရကြောင်း ရေးသားထားပါတယ်။ မြေအောက်မှာပိတ်မိ‌နေတဲ့ မိုင်းတွင်းလုပ်သားတွေက ၎င်းတို့ထံရောက်ရှိနိုင်ရေး ကြိုးပမ်းနေမှုကို မရပ်တန့်လိုက်ရန် စာတိုထဲမှာ ပြောထားပါတယ်။

(Map: BBC)

ပိတ်မိနေတဲ့ မိုင်းတွင်းလုပ်သားတွေဟာ မိုင်းတွင်းဝင်ပေါက်မှ ပေ ၂,၀၀၀ အကွာနေရာမှာ ရှိနေမယ်လို့ ယူဆရကြောင်း တရုတ်အစိုးရသတင်းဌာနက ပြောပါတယ်။ တရုတ်နိုင်ငံမှာ ယမန်နှစ် ဒီဇင်ဘာလအတွင်းကလည်း ကျောက်မီးသွေးတွင်းတစ်ခုမှာ ကာဗွန်မိုနော့ဆိုက် ယိုစိမ့်မှုကြောင့် မိုင်းတွင်းလုပ်သား ၂၃ ဦး သေဆုံးခဲ့ပါတယ်။

ထို့အတူ စက်တင်ဘာလအတွင်းကလည်း Chongqing မြို့စွန်ရှိ မိုင်းတွင်းတစ်ခုမှာ မီးလောင်မှုဖြစ်ပွားပြီး ကာဗွန်မိုနော့ဆိုက်ပမာဏ မြင့်တက်မှုကြောင့် မိုင်းတွင်းလုပ်သား ၁၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာအတွင်းမှာတော့ တရုတ်အနောက်တောင်ပိုင်း Guizhou ပြည်နယ်ရှိ ကျောက်မီးသွေးတွင်းတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က