လေဆိပ်ရဲ့ လုံခြုံရေးဧရိယာထဲမှာ သုံးလကြာ နေထိုင်ခဲ့ပြီး မည်သူကမျှ မသိရှိခဲ့ကြပါဘူး။
Ko John

အမေရိကန်နိုင်ငံမှာ COVID-19 ကပ်ရောဂါကို အကြောက်လွန်တဲ့ အမျိုးသားတစ်ဦးဟာ အိမ်ပြန်ရန် လေယာဥ်မစီးရဲတာကြောင့် ချီကာဂိုမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ လုံခြုံရေးအရ ကန့်သတ်ဧရိယာထဲမှာ သုံးလကြာ ခိုအောင်းနေထိုင်ခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။

(အဒစ်ယာဆင်းဂ်) (Photo: TNS)

လေကြောင်းလိုင်းဝန်ထမ်းတစ်ဦးက မည်သူဖြစ်ကြောင်း ထုတ်ဖော်ပြောရန် စစ်ဆေးခဲ့ပြီးနောက် အသက် ၃၆ နှစ်အရွယ် အဒစ်ယာဆင်းဂ်ကို စနေနေ့ (ဇန်နဝါရီ ၁၆ ရက်) မှာ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ ၎င်းကို မေးမြန်းခဲ့စဥ် ဆင်းဂ်က တံဆိပ်တစ်ခုကို ထုတ်ပြခဲ့ပေမဲ့ ထိုတံဆိပ်ဟာ အောက်တိုဘာလအတွင်း လေကြောင်းလိုင်းမန်နေဂျာတစ်ဦး ပျောက်ဆုံးသွားခဲ့တံဆိပ် ဖြစ်နေခဲ့ပါတယ်။



ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်အရ ဆင်းဂ်ဟာ လော့စ်အိန်ဂျလိစ်မြို့မှ လေကြောင်းခရီးစဥ်ဖြင့် ချီကာဂိုမြို့ရှိ O'Hare အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အောက်တိုဘာ ၁၉ ရက်နေ့မှာ ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ ထို့နောက် ဝန်ထမ်းတံဆိပ်တစ်ခုကို တွေ့ရှိခဲ့ပြီးနောက် COVID-19 ကြောင့် အိမ်ကိုသွားရန် ကြောက်နေခဲ့တဲ့ ဆင်းဂ်ဟာ လေဆိပ်ထဲမှာပင် နေထိုင်ခဲ့ကြောင်း ချီကာဂိုပြည်နယ် လက်ထောက်ရှေ့နေ Kathleen Hagerty က ပြောခဲ့ကြောင်း Chicago Tribune သတင်းက ဖော်ပြပါတယ်။

(Photo: Kamil Krzaczyński/Reuters)

Cook County တရားသူကြီး Susana Ortiz ကတော့ ယခုအမှုကို အံ့ဩတုန်လှုပ်ခဲ့ရတယ်လို့ တနင်္ဂနွေနေ့ (ဇန်နဝါရီ ၁၇ ရက်) က တရားရုံးမှာ ပြောပါတယ်။ တရားဝင်ခွင့်ပြုချက်မရှိ၊ ဝန်ထမ်းတစ်ဦးလည်းမဟုတ်တဲ့ ဆင်းဂ်ဟာ ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့မှာ O'Hare အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့အထိ လေဆိပ်ရဲ့ လုံခြုံရေးအရ ကန့်သတ်ထားတဲ့ ဧရိယာထဲမှာ နေထိုင်ခဲ့ပြီး မည်သူကမျှ မသိရှိခဲ့ခြင်းအပေါ် တရားသူကြီး Susana Ortiz က အံ့ဩတုန်လှုပ်ကာ စုံစမ်းစစ်ဆေးရေးမှူးကို မေးခွန်းထုတ်ခဲ့ပါတယ်။

(Photo: Getty Images)

COVID-19 ကို အကြောက်လွန်ခဲ့သူ ဆင်းဂ်ဟာ လော့စ်အိန်ဂျလိစ်မြို့ ဆင်ခြေဖုံးနေရာတစ်ခုမှာ နေထိုင်သူဖြစ်ပြီး ရာဇဝတ်ပြစ်မှု မှတ်တမ်းဟောင်းမရှိဘူးလို့ သိရပါတယ်။ ၎င်းဟာ မည်သည့်အတွက် ချီကာဂိုမှာ ရောက်ရှိနေခဲ့ကြောင်းကိုတော့ လတ်တလော အတိအကျ မသိရသေးပါဘူး။ ဆင်းဂ်ကို လေဆိပ်တစ်ခုရဲ့ ကန့်သတ်ဧရိယာထဲကို ကျူးကျော်ဝင်ရောက်မှုနဲ့ အသေးစား ခိုးမှုတို့ဖြင့် စွဲချက်တင်ခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၁,၀၀၀ အာမခံကြေးတင်နိုင်ပါကလည်း ဆင်းဂ်ကို လေဆိပ်ထဲသို့ ဝင်ရောက်ခွင့်ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။

(Photo: Teresa Crawford)

"တရားရုံးတော်က တွေ့ရှိခဲ့ရတဲ့ ဒီအချက်အလက်တွေနဲ့ အခြေအနေတွေအရ တရားမဝင် နေထိုင်ခဲ့တဲ့ အချိန်ကာလက အတော်လေး အံ့ဩတုန်လှုပ်စရာပါ၊ လေဆိပ်တွေဟာ လုံးဝ လုံခြုံစိတ်ချရမှာဖြစ်ပြီး ဒါမှသာ လူတွေက ခရီးသွားဖို့ ဘေးအန္တရာယ်ကင်းတယ်လို့ ခံစားရမှာပါ၊ ဒီတရားမဝင် လုပ်ဆောင်မှုတွေက သူဟာ လူထုအန္တရာယ်ဖြစ်စေပါတယ်" လို့ တရားသူကြီး Susana Ortiz က မှတ်ချက်ပြုပါတယ်။

O'Hare လေဆိပ်ကို ကြီးကြပ်ကွပ်ကဲတဲ့ Chicago Department of Aviation ရဲ့ ထုတ်ပြန်ချက်မှာတော့ ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းနဲ့ ထိုအမျိုးသားဟာ လေဆိပ် သို့မဟုတ် ခရီးသွားပြည်သူတွေအတွက် လုံခြုံရေးအန္တရာယ်မရှိကြောင်း ဆုံးဖြတ်ပြောကြားနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။


Author


က္က