ဂျာမနီမှာ ဆေးကုသမှုခံယူပြီးနောက် ရုရှားသို့ ပြန်လည်ရောက်ရှိလာစဥ် လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

ရုရှားအစိုးရက လေဆိပ်မှာပင် ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ အတိုက်အခံခေါင်းဆောင် Alexei Navalny ကို ပြန်လွှတ်ပေးရန် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက တောင်းဆိုခဲ့ကြကြောင်း သိရပါတယ်။

(Navalny နှင့် ဇနီးကို လေဆိပ်မှာတွေ့ရစဥ်) (Photo: AP)

ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny ဟာ ယမန်နှစ် ဩဂုတ်လအတွင်း Novichok အာရုံကြောအဆိပ်ခတ်ခံရပြီးနောက် ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ဆေးရုံတစ်ရုံမှာ ဆေးကုသမှုခံယူခဲ့ရပါတယ်။ ထို့နောက် သေဘေးမှလွတ်မြောက်ပြီး နေပြန်ကောင်းလာတဲ့ Navalny က ရုရှားသို့ ပြန်ရောက်ပါက ဖမ်းဆီးခံရနိုင်ကြောင်း သတိပေးမှုတွေရှိခဲ့ပေမဲ့ ပြန်လာခဲ့တာဖြစ်ပါတယ်။ ၎င်းဟာ ပြန်လည်နာလန်ထူစအချိန်ကတည်းက ရုရှားသို့ပြန်ရန် ရည်ရွယ်ထားကြောင်း ပြောခဲ့ပါတယ်။



တနင်္ဂနွေနေ့ (ဇန်နဝါရီ ၁၇ ရက်) က မော်စကိုမြို့ရှိ လေဆိပ်တစ်ခုသို့ Navalny နဲ့ ဇနီးဖြစ်သူတို့ လိုက်ပါလာတဲ့လေယာဥ် ဆိုက်ရောက်ခဲ့ပြီးနောက် ၎င်းကို ရုရှားအာဏာပိုင်တွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ Navalny ကို ဖမ်းဆီးထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှ ‌‌ဝေဖန်ပြစ်တင်မှုကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပယ်ချခဲ့ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က အနောက်အုပ်စု နိုင်ငံရေးသမားတွေက ၎င်းတို့ရဲ့ ပြည်တွင်းရေးပြဿနာများကို အာရုံလွှဲရန် ယခုကိစ္စကို နည်းလမ်းတစ်ခုအဖြစ် အသုံးချနေခဲ့ကြောင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

(ရုရှားသို့အပြန် လေယာဥ်ပေါ်မှာတွေ့ရသည့် Navalny နှင့် ဇနီး) (Photo: EPA)

သမ္မတဗလာဒီမာပူတင်ကို လူသိရှင်ကြား ဝေဖန်လေ့ရှိတဲ့ Navalny ဟာ ယမန်နှစ် ဩဂုတ် ၂၀ ရက်နေ့မှာ ဆိုက်ဘေးရီးယားနယ်မြေ Tomsk မြို့မှ မော်စကိုမြို့သို့ လေယာဥ်စီးလာစဥ်အတွင်း နေမကောင်းဖြစ်လာခဲ့ရာ လေယာဥ်ကို Omsk မြို့မှာ အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ Navalny ကို ထိုမြို့ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကိုမာဝင် (သတိမေ့မြော) သွားခဲ့ပါတယ်။

ထို့နောက် ၎င်းကို ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ Charité ဆေးရုံသို့ လေယာဥ်ဖြင့် ရွှေ့ပြောင်းခေါ်ဆောင်လာခဲ့ပြီး ဆေးကုသခဲ့တာ ဖြစ်ပါတယ်။ Navalny ကို ကျန်းမာရေးစစ်ဆေးမှုအရ ၎င်းဟာ Novichok အာရုံကြောအဆိပ်ခတ်ခံရကြောင်း ကောက်ချက်ချခဲ့ကြပါတယ်။ Navalny ဟာ သမ္မတပူတင်ရဲ့ အမိန့်ပေးစေခိုင်းမှုအရ အဆိပ်ခတ်ခံခဲ့ရကြောင်း ၎င်းရဲ့အဖွဲ့က စွပ်စွဲပြောဆိုခဲ့ပါတယ်။

(ဂျာမနီမှာ ဆေးကုသမှုခံယူခဲ့ရစဥ်က Navalny) (Photo: @Navalny/IG)

ရုရှားအစိုးရကတော့ Navalny အဆိပ်ခတ်ခံရမှုမှာ တစ်စုံတရာ ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့ အခိုင်အမာ ငြင်းဆိုထားပါတယ်။ ဘာလင်မြို့ရှိ Charité ဆေးရုံရဲ့ ထုတ်ပြန်ချက်အရ အသက် ၄၄ နှစ်အရွယ် Navalny ဟာ စုစုပေါင်း ၃၂ ရက်ကြာ ဆေးရုံတက်ရောက်ခဲ့ရပြီး ၎င်းကို အထူးကြပ်မတ်ကုသဆောင်မှာ ၂၄ ရက်ကြာ ကုသပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဂျာမနီမှာ ဆေးကုသမှုခံယူခဲ့ပြီးနောက် ယမန်နေ့မှာ Navalny နဲ့ ဇနီးတို့ဟာ ဘာလင်မြို့ကနေ Pobeda လေကြောင်းလိုင်း လေယာဥ်ဖြင့် ရုရှားသို့ ပြန်လာခဲ့ပြီး ထိုလေယာဥ်ပေါ်မှာ သတင်းထောက်များလည်း အတူလိုက်ပါလာခဲ့ကြကြောင်း BBC သတင်းက ပြောပါတယ်။

(Navalny ကို ဖမ်းဆီးထားစဥ်) (Photo: EPA)

ထို့နောက် အဆိုပါလေယာဥ်ဟာ စက်ပိုင်းဆိုင်ရာ အကြောင်းပြချက်ဖြင့် Navalny ကို အားပေးထောက်ခံသူ ထောင်နဲ့ချီ စောင့်ဆိုင်းနေကြတဲ့ Vnukovo လေဆိပ်မှာ မူလအစီအစဥ်အတိုင်း မဆင်းသက်ဘဲ ပြန်လှည့်လာခဲ့ပြီး Sheremetyevo လေဆိပ်မှာ ဆင်းသက်ခဲ့ပါတယ်။ ထိုလေဆိပ်မှာ ဆင်းသက်ခဲ့ပြီးနောက် Navalny ကို ရုရှားအာဏာပိုင်တွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။

.


ဆက်စပ်အကြောင်းအရာများ



က္က