တိုကျိုအနောက်ဘက် ၁၂၄ မိုင်အကွာ ရှီဇူအိုကာစီရင်စုမှ ဖြစ်ပါတယ်။
Ko John

ဂျပန်ဆရာဝန်တွေက COVID-19 လူနာသစ်သုံးဦးထံမှာ ပိုမိုကူးစက်မြန် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် စစ်ဆေးတွေ့ရှိခဲ့ကြောင်းနဲ့ ၎င်းတို့ဟာ အဆိုပါဗိုင်းရပ်စ် စတင်တွေ့ခဲ့ရတဲ့ ဗြိတိန်သို့ ခရီးမသွားခဲ့ကြဘဲ ယခုကဲ့သို့ ကူးစက်မှုများဟာ ဂျပန်မှာ ပထမဆုံးဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ (ဇန်နဝါရီ ၁၈ ရက်) မှာ ပြောပါတယ်။

(Photo: Reuters)

ဗြိတိန် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုတွေ့ရသူ သုံးဦးဟာ အသက် ၂၀ ကျော်မှ ၆၀ ကျော်အရွယ်တွေဖြစ်ပြီး တိုကျိုအနောက်ဘက် ၁၂၄ မိုင်အကွာ ရှီဇူအိုကာ (Shizuoka) စီရင်စုမှဖြစ်ပြီး ပထမဆုံးတစ်ဦးဟာ ဇန်နဝါရီလ အစောပိုင်းမှာ ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်ခဲ့ကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။



အာဏာပိုင်တွေက ထိုသုံးဦးဟာ ဗြိတန် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် မည်သို့ ကူးစက်ခံခဲ့ရကြောင်း လေ့လာဆန်းစစ်နေပြီး လက်ရှိမှာ ရှင်ဇူအိုကာစီရင်စုအတွင်း အဆိုပါဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတဲ့ အထောက်အထား မတွေ့ရသေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

(Photo: Reuters)

"အချက်အလက်အရ ဗြိတိန်ကို ခရီးမသွားခဲ့သူ သုံးဦးထံမှာ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် စစ်ဆေးတွေ့ရှိရပါတယ်၊ သူတို့ဟာ ဂျပန်မှာ ဒီဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း ယူဆရပါတယ်" လို့ National Institute of Infectious Diseases ရဲ့ အကြီးအကဲ တာကာဂျီဝါကီတာက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဂျပန်မှာ လက်ရှိအချိန်အထိ ဗြိတိန်နဲ့ တောင်အာဖရိကမှာ ပထမဆုံး တွေ့ရှိခဲ့ရတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူ ၄၅ ဦးရှိလာခဲ့ကြောင်း သိရပါတယ်။ ဂျပန်အာဏာပိုင်တွေက ကူးစက်မှုထိန်းချုပ်ရေး တိုကျိုမှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာထားမှုကို နောက်ထပ် စီရင်စု ခုနစ်ခုမှာလည်း ယခုလအစောပိုင်းက တိုးချဲ့ထုတ်ပြန်ခဲ့ပါတယ်။

(Photo: AFP)

ဂျပန်မှာ လက်ရှိအချိန်အထိ COVID-19 အတည်ပြုလူနာ ၃၃၅,၀၀၀ ဦးနဲ့ သေဆုံးသူ ၄,၅၀၀ ဦးရှိခဲ့ကြောင်း NHK သတင်းဌာနက ဖော်ပြပါတယ်။ ဂျပန်အစိုးရ နိုင်ငံလူဦးရေ ၁၂၆ သန်းလုံးအတွက် လုံလောက်တဲ့ COVID-19 ကာကွယ်ဆေးများဝယ်ယူရန် သဘောတူညီမှုရရှိထားပြီး ဖြစ်ပါတယ်။ သို့သော် Pfizer-BioNTech ကာကွယ်ဆေးကသာ တရားဝင်ခွင့်ပြုချက်လျှောက်ထားခဲ့ပြီး ကာကွယ်ဆေးထိုးနှံမှုအစီအစဥ်ကို ဖေဖေါ်ဝါရီလနှောင်းပိုင်အထိ စတင်နိုင်ဖွယ်မရှိကြောင်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က