မြေအောက်မှာ ပိတ်မိနေခဲ့တဲ့ မိုင်းတွင်းလုပ်သား ၂၂ ဦးအနက် အနည်းဆုံး ၁၂ ဦးဟာ အသက်ရှင်နေဆဲဖြစ်ပါတယ်။

တရုတ် ရွှေတူးဖော်ရေးမိုင်းတွင်းတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် မြေအောက်ထဲမှာ သီတင်းတစ်ပတ်ကြာ ပိတ်မိနေခဲ့တဲ့ မိုင်းတွင်းလုပ်သားတွေနဲ့ ကယ်ဆယ်ရေးသမားများ ဖုန်းအဆက်အသွယ်ရခဲ့ကြောင်းနဲ့ အစားအစာနဲ့ ဆေးဝါးများ ပို့ဆောင်ပေးခဲ့ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ယနေ့ (ဇန်နဝါရီ ၁၉ ရက်) ပြောပါတယ်။

(Photo: AP)

မိုင်းတွင်းတည်ရှိရာ Yantai မြို့ အုပ်ချုပ်ရေးမှူး Chen Fei ရဲ့ အဆိုအရ မြေအောက်မှာ ပိတ်မိနေခဲ့တဲ့ မိုင်းတွင်းလုပ်သား ၂၂ ဦးအနက် အနည်းဆုံး ၁၂ ဦးဟာ အသက်ရှင်နေဆဲဖြစ်ပြီး ကျန်းမာရေးအခြေအနေကောင်းတယ်လို့ သိရပါတယ်။ အခြား မိုင်းတွင်းလုပ်သား ၁၀ ရဲ့ ကံကြမ္မာကိုတော့ အတိအကျ မသိနိုင်သေးပါဘူး။



လက်ရှိမှာ ကယ်ဆယ်ရေးသမားတွေက မိုင်းတွင်းရဲ့ မတူညီတဲ့နေရာတွေမှာ အပေါက်ငယ်ခြောက်ခုကို တူးနေခဲ့ပြီး ပေါက်ကွဲမှုကြောင့် မိုင်းတွင်းဝင်ပေါက်မှာ ပိတ်ဆို့နေခဲ့တဲ့ အပျက်အစီးတွေကို ဖယ်ရှားရှင်းလင်းနေကြောင်း သိရပါတယ်။ ဇန်နဝါရီ ၁၀ ရက်နေ့က Shangdong ပြည်နယ် Yantai မြို့အနီးရှိ Hushan မိုင်းတွင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာမှ ထွက်ပေါက်နဲ့ ဆက်သွယ်ရေးစနစ် ပျက်စီးသွားခဲ့ပြီး မိုင်းတွင်းလုပ်သား ၂၂ ဦး မြေအောက်မှာ ပိတ်မိခဲ့ကြတာ ဖြစ်ပါတယ်။

(Photo: AP)

အဆိုပါ ရွှေတူးဖော်ရေး မိုင်းတွင်းဟာ လက်ရှိမှာ လုပ်ငန်းလုပ်ကိုင်နေခြင်းမရှိသေးဘဲ တည်ဆောက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ယမန်နေ့ (ဇန်နဝါရီ ၁၈ ရက်) မှာ မိုင်းတွင်းလုပ်သားတွေက ကျဥ်းမြောင်းတဲ့ တွင်းပေါက်ငယ်တစ်ခုကနေ ကယ်ဆယ်ရေးသမားများထံသို့ စာတိုတစ်စောင်ပေးပို့ခဲ့ပါတယ်။

အဆိုပါ စာတိုထဲမှာ မိုင်းတွင်းလုပ်သားတွေက ၎င်းတို့ ပိတ်မိနေတဲ့ မြေအောက်နေရာမှာ ရေမျက်နှာပြင် မြင့်တက်လာနေပြီး အဆိပ်သင့်အခိုးအငွေ့များကို ရှူရှိုက်နေကြရကြောင်း၊ သို့သော် လက်မလျှော့ကြရန် ကယ်ဆယ်ရေးသမားတွေကို တောင်းဆိုထားကြပါတယ်။ မိုင်းတွင်းမတော်တဆမှုဖြစ်ပြီးနောက် ၂၄ နာရီကျော်ကြာတဲ့အထိ သက်ဆိုင်ရာကို အကြောင်းမကြားခဲ့မှုအတွက် အာဏာပိုင်တွေက အဆိုပါမိုင်းတွင်းရဲ့ မန်နေဂျာတွေကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရပါတယ်။

(Photo: Xinhua)

တရုတ်နိုင်ငံမှာ ယမန်နှစ် ဒီဇင်ဘာလအတွင်းကလည်း ကျောက်မီးသွေးတွင်းတစ်ခုမှာ ကာဗွန်မိုနော့ဆိုက် ယိုစိမ့်မှုကြောင့် မိုင်းတွင်းလုပ်သား ၂၃ ဦး သေဆုံးခဲ့ပါတယ်။ ထို့အတူ စက်တင်ဘာလအတွင်းကလည်း Chongqing မြို့စွန်ရှိ မိုင်းတွင်းတစ်ခုမှာ မီးလောင်မှုဖြစ်ပွားပြီး ကာဗွန်မိုနော့ဆိုက်ပမာဏ မြင့်တက်မှုကြောင့် မိုင်းတွင်းလုပ်သား ၁၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာအတွင်းမှာတော့ တရုတ်အနောက်တောင်ပိုင်း Guizhou ပြည်နယ်ရှိ ကျောက်မီးသွေးတွင်းတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ မိုင်းတွင်းလုပ်ငန်းတွေမှာ မတော်တဆမှုတွေကြောင့် နှစ်စဥ် ပျမ်းမျှအားဖြင့် လူ ၅,၀၀၀ ကျော် သေဆုံးလေ့ရှိကြောင်း AP သတင်းက ဖော်ပြပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က