ဂျပန်မှာ ယခုနှစ် ဆောင်းရာသီကာလအတွင်း ကြီးမားတဲ့ နှင်းထုပမာဏကျရောက်မှု ကြုံတွေ့နေခဲ့ရပါတယ်။

ဂျပန်နိုင်ငံမြောက်ပိုင်း အဝေးပြးလမ်းတစ်ခုမှာ ကြီးမားတဲ့ နှင်းမုန်တိုင်းကြောင့် ကားအစီးရေ ၁၃၀ အထိပါဝင်တဲ့ ကားများဆင့်တိုက်မှု ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

နှင်းမုန်တိုင်းကျရောက်မှုကြောင့် မီယာဂီ (Miyagi) စီရင်စုရှိ တိုဟိုကူအဝေးပြေးလမ်း (Tohoku Expressway) တစ်လျှောက် ယနေ့ (ဇန်နဝါရီ ၁၉ ရက်) မွန်းလွဲပိုင်းမှာ နှင်းများထူထပ်စွာ ဖုံးလွှမ်းနေခဲ့ပါတယ်။ ကားများဆင့်တိုက်မိပြီး လမ်းပိတ်သွားခဲ့ရာ လူ ၂၀၀ ခန့် အဝေးပြေးလမ်းမမှာ သောင်တင်နေခဲ့ကြောင်းနဲ့ ကယ်ဆယ်ရေးသမားတွေက ကားတိုက်မှုဖြစ်ပွားတဲ့နေရာသို့ ရောက်ရှိခဲ့ပြီလို့ သိရပါတယ်။



ဂျပန်မှာ လတ်တလော သီတင်းများအတွင်း ပြင်းထန်တဲ့ နှင်မုန်တိုင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်နေခဲ့ပြီး နိုင်ငံရဲ့ နေရာအချို့မှာ နှင်းကျရောက်မှုဟာ ပျမ်းမျှထက် နှစ်ဆပိုများခဲ့တယ်လို့ ဆိုပါတယ်။ သတင်းဓာတ်ပုံတွေမှာ ဖော်ပြမှုအရ အဝေးပြေးလမ်းမပေါ်မှာ ကားအစီးရေ အများအပြား တန်းစီရပ်တန့်နေခဲ့တာ တွေ့ရပါတယ်။

(Photo: Reuters)

အာဏာပိုင်တွေက အဝေးပြေးလမ်းမမှာ မြင်ကွင်းမကောင်းတာကြောင့် ကားအမြန်နှုန်းကို တစ်နာရီလျှင် ၃၁ မိုင်ဖြင့်သာ မောင်းနှင်ကြရန် သတ်မှတ်ထုတ်ပြန်ထားပါတယ်။ တိုဟိုကူအဝေးပြေးလမ်းမှာ ကားအစီးရေ အများအပြား ဆင့်တိုက်မိခဲ့တဲ့ မတော်တဆမှုဖြစ်ပွားစဥ် အမြင့်ဆုံး လေတိုက်နှုန်း တစ်နာရီလျှင် ၆၂ မိုင်ဖြင့် တိုက်ခတ်နေခဲ့ကြောင်း ဒေသခံမိုးလေဝသဌာန တာဝန်ရှိသူတွေက ဆိုပါတယ်။

ကားများဆင့်တိုက်ပြီး အဝေးပြေးလမ်းမှာ သောင်တင်နေသူတွေကို ရေနဲ့ အစားအစာများ၊ အနွေးဓာတ်ရရှိစေရန် ခြုံစောင်များ ဝေငှပေးခဲ့ကြောင်း NHK သတင်းဌာနက ပြောပါတယ်။ နှင်းများထူထပ်စွာကျရောက်မှုဟာ ဂျပန်နိုင်ငံရဲ့ မြန်နှုန်းမြင့် ရထားလမ်းအချို့ကိုလည်း သက်ရောက်မှုရှိခဲ့ပြီး တိုဟိုကူဒေသရှိ ရထားခရီးစဥ်များ ဖျက်သိမ်းခဲ့ရပါတယ်။

(Photo: Reuters)

ဒေသခံမီဒီယာရဲ့ အဆိုအရ တိုဟိုကူဒေသတွင်းမှာ လာမယ့် ၂၄ နာရီအတွင်း နှင်းထု ၁၅ လက်မအထိ ကျရောက်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။ ဂျပန်မှာ ယခုနှစ် ဆောင်းရာသီကာလအတွင်း ကြီးမားတဲ့ နှင်းထုပမာဏကျရောက်မှု ကြုံတွေ့နေခဲ့ရပါတယ်။ ရာသီဥတု ပြင်းထန်ဆိုးရွားမှုကြောင့် အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ပြီး ဂျပန်ဝန်ကြီးချုပ်ဆူဂါက အများပြည်သူကို သတိပြုကြရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့လအတွင်းကလည်း နှင်းများထူထပ်စွာကျရောက်မှုကြောင့် ကန်နက်ဆုအဝေးပြေးလမ်းမ (Kanetsu Expressway) မှာ လမ်းပိတ်ဆို့ပြီး ကားအစီးရေ ၁,၀၀၀ ကျော် နှစ်ရက်ကြာ သောင်တင်နေခဲ့ပါတယ်။

.


ဆက်စပ်အကြောင်းအရာများ



က္က