မလေးရှားမှာ လတ်တလော သီတင်းများအတွင်း ကိုဗစ်ကူးစက်မှုတွေ မြင့်တက်နေပါတယ်။

လတ်တလော သီတင်းပတ်များအတွင်း COVID-19 ကူးစက်မှုတွေ မြင့်တက်နေတဲ့ မလေးရှားနိုင်ငံမှာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများလည်း ကူးစက်ခံရမှုတွေရှိလာခဲ့ပြီး ယခုအခါ ကူးစက်ခံရတဲ့ဝန်ကြီး ငါးဦးရှိလာခဲ့ကြောင်း သိရပါတယ်။

(ဝန်ကြီး Halimah Mohamed Sqdique) (Photo: Bernama)

အမျိုးသားစည်းလုံးညီညွတ်ရေးဝန်ကြီးဌာန အမျိုးသမီးဝန်ကြီး Halimah Mohamed Sqdique ဟာ နောက်ဆုံး ကူးစက်ခံရတဲ့ မလေးရှားအစိုးရအဖွဲ့ဝင် ဝန်ကြီးဖြစ်လာခဲ့ပါတယ်။ သူမဟာ ဂျိုဟာဘာရူးမြို့မှာ COVID-19 အတွက် ကုသမှုခံယူပြီး အသွားအလာကန့်သတ် နေထိုင်သွားမယ်လို့ ဆိုပါတယ်။



အမျိုးသားစည်းလုံးညီညွတ်ရေးဝန်ကြီးဌာန (National Unity Ministry) က ထုတ်ပြန်မှုအရ ဝန်ကြီး Halimah ဟာ ဝန်ကြီးဌာနရဲ့ လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် ကုသမှုခံယူနေစဥ်နဲ့ ပြန်လည်သက်သာလာတဲ့ကာလမှာလည်း ဆက်လက် တာဝန်ယူသွားမယ်လို့ သိရပါတယ်။

(ဝန်ကြီး Hamzah နှင့် ဒုဝန်ကြီး Zahidi Zainul Abidin) (Photo: Bernama)

"ဝန်ကြီးက သူမ နေပြန်ကောင်းလာစေရန် ဆုတောင်းပေးသူတွေ အားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ ဒီကူးစက်မှုကြောင့် အဆင်မပြေဖြစ်မှုအတွက် တောင်းပန်ကြောင်း ပြောခဲ့ပါတယ်" လို့ ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ‌ ဖော်ပြပါတယ်။ ဝန်ကြီး Halimah ထံမှာ COVID-19 ကူးစက်ခံထားရကြောင်းကို ယနေ့ (ဇန်နဝါရီ ၁၉ ရက်) အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

မလေးရှားအစိုးရအဖွဲ့မှ ဆက်သွယ်ရေးနဲ့ မာလ်တီမီဒီယာဝန်ကြီးဌာန ဒုဝန်ကြီး Zahidi Zainul Abidin ၊ ဝန်ကြီးချုပ်ရုံးဝန်ကြီးဌာန စီးပွားရေးဆိုင်ရာဝန်ကြီး Mustapa Mohamed ၊ အမျိုးသမီးများ၊ မိသားစုနဲ့ လူမှုရေးရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Rina Mohd Harun နဲ့ ပြည်ထဲရေးဝန်ကြီး Hamzah Zainudin တို့လည်း COVID-19 ကူးစက်ခံခဲ့ရပါတယ်။

(ဝန်ကြီး Rina Mohd Harun နှင့် ဝန်ကြီး Mustapa Mohamed) (Photo: Bernama)

မလေးရှားမှာ COVID-19 ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် တစ်နိုင်ငံလုံးကို အရေးပေါ်အခြေအနေ ကြေညာထားပြီး Sarawak ပြည်နယ်ကလွဲပြီး ပြည်နယ်အားလုံးမှာ သွားလာလှုပ်ရှားမှု ကန့်သတ်ထိန်းချုပ်မိန့် (Movement Control Order - MCO) ထုတ်ပြန်လိုက်ပါတယ်။

ယနေ့ ထုတ်ပြန်လိုက်တဲ့ MCO ဟာ ဇန်နဝါရီ ၂၂ ရက်နေ့မှာ စတင်သက်ရောက်မှာဖြစ်ပြီး ဖေဖေါ်ဝါရီ ၄ ရက်နေ့အထိ ဖြစ်ပါတယ်။ မလေးရှားမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၁၆၅,၃၇၁ ဦး၊ သေဆုံးသူ ၆၁၉ ဦးနဲ့ ပြန်လည်သက်သာသူ ၁၂၅,၂၈၈ ဦးရှိခဲ့ပါတယ်။ မလေးရှားဟာ အရှေ့တောင်အာရှမှာ ကူးစက်မှု တတိယအများဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က