ဘုရင်စနစ်ကို ‌‌ဝေဖန်ထားတဲ့ အကြောင်းအရာများ ဆိုရှယ်မီဒီယာမှာ တင်ခဲ့တယ်လို့ ဆိုပါတယ်။
Ko John

တော်ဝင်မိသားစုကို ‌ဝေဖန်မှုဖြင့် ထိုင်းအမျိုးသမီးတစ်ဦး ထောင်ဒဏ် ၄၃ နှစ် ချမှတ်ခံရကြောင်းနဲ့ ဘုရင်စနစ်ကို စော်ကားမှုအတွက် အပြင်းထန်ဆုံး စံချိန်တင် ပြစ်ဒဏ်ချမှတ်မှု ဖြစ်လာခဲ့ကြောင်း သိရပါတယ်။

(ထောင်ဒဏ် ၄၃ နှစ် ချမှတ်ခံရသည့် အန်ချန်) (Photo: PA)

အန်ချန်လို့သာ အမည်သိရှိရတဲ့ အစိုးရဝန်ထမ်းဟောင်း အမျိုးသမီးက podcast အသံထုတ်လွှင့်မှုမှ အသံဖိုင်အပိုင်းများ ဆိုရှယ်မီဒီယာမှာ တင်ခဲ့တယ်လို့ ဆိုပါတယ်။ အသက် ၆၃ နှစ်အရွယ် ထိုအမျိုးသမီးက သူမအနေနဲ့ အသံဖိုင်တွေကို ဆိုရှယ်မီဒီယာမှာ မျှဝေခဲ့ခြင်းဖြစ်ပြီး ထိုအသံဖိုင်မှ အကြောင်းအရာအပေါ် မှတ်ချက်မပေးခဲ့ဘူးလို့ ပြောပါတယ်။



ထိုင်းနိုင်ငံရဲ့ ဘုရင်စနစ်အပေါ် စော်ကားပြောဆိုမှု အားလုံးကို တားမြစ်ထားတဲ့ ဥပဒေ (lèse-majesté) ဟာ ကမ္ဘာမှာ အတင်းကြပ်ဆုံး ဥပဒေများအနက် ပါဝင်ပါတယ်။ ဘုရင်စနစ်ကို စော်ကားမှုဖြင့် စံချိန်တင် အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ခံရတဲ့ အန်ချန်ဟာ ၂၀၁၄ နဲ့ ၂၁၀၅ ခုနှစ်အတွင်း YouTube နဲ့ Facebook ပေါ်မှာ ပို့စ်တင်ခြင်းနဲ့ မျှဝေခြင်းဖြင့် မတူညီတဲ့ ဥပဒေချိုးဖောက်မှု ၂၉ ခုအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။

(ထိုင်းဘုရင်နှင့် မိဖုရား) (Photo: AP)

သူမဟာ အစောပိုင်းမှာ ထောင်ဒဏ် ၈၇ နှစ်အထိ ချမှတ်ခံခဲ့ရတာဖြစ်ပေမဲ့ အပြစ်ရှိကြောင်း ဝန်ခံခဲ့တာကြောင့် ထောင်ဒဏ်ကို ထက်ဝက်လျှော့ပေးခဲ့ကြောင်း သိရပါတယ်။ အန်ချန်ဟာ ၂၀၁၄ ခုနှစ်မှာ ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် မကြာမီမှာပင် lèse-majesté ဥပဒေချိုးဖောက်မှုဖြင့် စွဲချက်တင်ခံရသူ ၁၄ ဦးအနက် ပါဝင်ခဲ့ပါတယ်။

အဆိုပါ ၁၄ ဦး အုပ်စုဟာ ဘုရင်စနစ်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ထားတဲ့ အကြောင်းအရာတွေကို လွှင့်တင်ခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။ ထိုအကြောင်းအရာတွေကို ရေးသားပြောဆိုသူတွေကတော့ ထောင်ဒဏ် ၂ နှစ်သာ ချမှတ်ခံခဲ့ရပြီး ထောင်မှပြန်လည်လွတ်မြောက်ခဲ့ကြပြီး ဖြစ်ပါတယ်။

(၂၀၁၉ ခုနှစ်အတွင်း တရားရုံးမှထွက်ခွာစဥ် တွေ့ရသည့် အန်ချန်) (Photo: Reuters)

အန်ချန်ကို ကြားနာစစ်ဆေးမှုအား တံခါးပိတ်ပြုလုပ်ခဲ့ပြီး တရားခံကို စွဲချက်တင်ထားမှုနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားဟာ နိုင်ငံတော်လုံခြုံရေးအတွက် လျှို့ဝှက်ထားရမှာ ဖြစ်တာကြောင့်လို့ ဆိုပါတယ်။ ဘုရင်စနစ်ကို စော်ကားမှုဆိုင်ရာ ဥပဒေဖြင့် စွဲချက်တင်မှုတွေကို သုံးနှစ်ကြာ ရပ်ဆိုင်းထားခဲ့ရာမှ ယမန်နှစ်မှာတော့ လနဲ့ချီကြာတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို ထိန်းချုပ်ရန်ကြိုးပမ်းမှုအတွင်း ပြန်လည်အသုံးပြုလာခဲ့ပါတယ်။

ဆန္ဒပြသူတွေက ထိုင်းနိုင်ငံရဲ့ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရန်လည်း မကြုံစဖူး တောင်းဆိုခဲ့ကြပါတယ်။ ထိုဆန္ဒပြမှုများမှာ ပါဝင်ခဲ့ကြတဲ့ အဓိကအားဖြင့် လူငယ်များအပါအဝင် တက်ကြွလှုပ်ရှားသူ ၄၀ ကျော်ကို အဆိုပါဥပဒေဖြင့် စွဲချက်တင်ထားကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က