ထရန့်ဟာ ဘိုင်ဒန်ရဲ့ ကျမ်းကျိန်ပွဲကို မတက်ရောက်ဘဲ ဖလော်ရီဒါပြည်နယ်သို့ သွားရောက်မှာဖြစ်ပါတယ်။
Ko John

အမေရိကန်သမ္မတအဖြစ် သက်တမ်းကုန်ပြီဖြစ်တဲ့ ဒေါ်နယ်ထရန့်က သမ္မတသစ်ဖြစ်လာမယ့် ဂျိုးဘိုင်ဒန်ရဲ့ ယနေ့ (ဇန်နဝါရီ ၂၀ ရက်) ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားမတိုင်မီ အိမ်ဖြူတော်ကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။

(Photo: AFP)

ထရန့်ဟာ ဇနီးဖြစ်သူ မီလာနီယာနဲ့အတူ Marine One သမ္မတရဟတ်ယာဥ်ဖြင့် ဝါရှင်တန်ဒီစီမြို့ပြင်ရှိ အန်ဒရူးလေတပ်စခန်းသို့ ထွက်ခွာခဲ့ပြီး ထိုစခန်းမှာ အမေရိကန်သမ္မတတစ်ဦးအဖြစ် နောက်ဆုံးမိန့်ခွန်း ပြောကြားခဲ့ပါတယ်။ ထို့နောက်မှာတော့ ထရန့်ဟာ Air Force One သမ္မတလေယာဥ်ဖြင့် ဖလော်ရီဒါပြည်နယ်သို့ ထွက်ခွာမှာဖြစ်ကြောင်း သိရပါတယ်။



ထရန့်ဟာ ရွေးကောက်ခံသမ္မတ ဘိုင်ဒန်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တက်ရောက်မှာ မဟုတ်ပါဘူး။ ၎င်းဟာ အမေရိကန်သမိုင်းတစ်လျှောက် ၁၈၆၉ ခုနှစ်နောက်ပိုင်း သက်တမ်းကုန်ဆုံးတဲ့ သမ္မတတစ်ဦးက နောက်တက်မယ့် သမ္မတသစ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခြင်းမရှိတဲ့ သမ္မတဖြစ်လာခဲ့ပါတယ်။

(Photo: AP)

ဇန်နဝါရီ ၂၀ ရက် ဒေသစံတော်ချိန် မွန်းမတည့်မီမှာ ဝါရှင်တန်ဒီစီမြို့တော်ရှိ အမေရိကန်လွှတ်တော်ရှေ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားနဲ့အတူ ဘိုင်ဒန်က သမ္မတရာထူးကို တရားဝင်လွှဲပြောင်းရယူပြီး အိမ်ဖြူတော်သို့ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အမေရိကန်မှာ ဇန်နဝါရီ ၆ ရက်နေ့ လွှတ်တော်အဆောက်အအုံ ဆူပူအုံကြွ စီးနင်းခံရမှုဖြစ်ရပ်နောက်ပိုင်း ဘိုင်ဒန်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား ကျင်းပပြုလုပ်မယ့် ဝါရှင်တန်ဒီစီနဲ့ ပြည်နယ် ၅၀ ရဲ့ မြို့တော်အားလုံးမှာ လက်နက်ကိုင် ဆန္ဒပြမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း FBI (Federal Bureau of Investigation) က သတိပေးခဲ့ပြီး လုံခြုံးရေး တင်းကြပ်ထားပါတယ်။

(Photo: AFP)

သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို အမေရိကန်စစ်သား ၂၅,၀၀၀ က လုံခြုံရေးစောင့်ကြပ်ထားပါတယ်။ ဒုတိယသမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်ဆက်တိုက် ၈ နှစ်ကြာ တာဝန်ယူခဲ့ဖူးတဲ့ လက်ရှိ အသက် ၇၈ နှစ်အရွယ် ဂျိုးဘိုင်ဒန်ဟာ အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံး သမ္မတအဖြစ်လည်း မှတ်တမ်းဝင်မှာဖြစ်ပါတယ်။ ထို့အတူ ဒုတိယသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမယ့် ကမ်မလာဟာရစ်ကလည်း အမေရိကန်သမိုင်းတစ်လျှောက် ပထမဆုံး အမျိုးသမီး ဒုတိယသမ္မတဖြစ်လာမယ်လို့ သိရပါတယ်။

(Photo: Joe Biden/Twitter)

သမ္မတသစ်ဖြစ်လာမယ့် ဘိုင်ဒန်က ထရန့်အစိုးရရဲ့ မူဝါဒအတော်များများကို ပြောင်းလဲသွားရန်ရှိနေပါတယ်။ ဘိုင်ဒန်က ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပါရီသဘောတူညီချက် (Paris Aggrement) နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) မှာ အမေရိကန်နိုင်ငံ ပြန်လည်ပါဝင်မှုနဲ့အတူ အစိုးရအဖွဲ့သစ်ကို ဇန်နဝါရီ ၂၀ ရက်နေ့မှာ စတင်သွားမယ်လို့ ၎င်းရဲ့လက်ထောက်တွေက ပြောထားပါတယ်။

.


Author


က္က