လူဦးရေ ၁.၆ သန်းကို မြို့ကနေထွက်ခွာခြင်းမပြုရန် တားမြစ်ထားပါတယ်။

တရုတ်နိုင်ငံရဲ့မြို့တော် ဘေဂျင်းမြို့မှာ COVID-19 ကူးစက်ခံရသူအနည်းငယ် တွေ့ရှိရပြီးနောက် ဇန်နဝါရီ ၂၀ ရက်နေ့မှာ တစ်စိတ်တစ်ပိုင်း lockdown လုပ်လိုက်ပြီး လူဦးရေ ၁.၆ သန်းကို မြို့ကနေထွက်ခွာခြင်းမပြုရန် တားမြစ်ထားကြောင်း သိရပါတယ်။

(Photo: Reuters)

မြို့တောင်ပိုင်းရှိ ဒါဇင်းခရိုင် (Daxin) မှာ ခြောက်ဦးအပါအဝင် ဘေဂျင်းမှာ စုစုပေါင်း ကူးစက်ခံရသူ ခုနစ်ဦးတွေ့ခဲ့ရတာဖြစ်ပါတယ်။ Lockdown သတ်မှတ်ချက်အရ ဒါဇင်းခရိုင်ရှိ လူဦးရေ ၁.၆ သန်းဟာ အာဏာပိုင်တွေထံမှ အထူးခွင့်ပြုချက်နဲ့ ပြီးခဲ့တဲ့ သုံးရက်အတွင်း COVID-19 ကင်းရှင်းကြောင်း ဆေးစစ်ချက်အဖြေမရှိဘဲ ဘေဂျင်းမြို့ကနေ ထွက်ခွာခွင့်ရမှာမဟုတ်ဘူးလို့ ဆိုပါတယ်။



ထို့အတူ ခရိုင်အတွင်း လူဦးရေ ၅၀ ထက် ပိုမိုစုဝေးမှုတွေကို တားမြစ်ထားပြီး မင်္ဂလာပွဲများကို ရွှေ့ဆိုင်ရမှာဖြစ်ကာ နာရေးအခမ်းအနားတွေကို အကျဥ်းချုံးပြုလုပ်ရမယ်လို့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ပြောခဲ့ပါတယ်။ ဒါဇင်းခရိုင်ရှိ မူကြို‌ကျောင်း၊ မူလတန်းကျောင်းနဲ့ အလယ်တန်းကျောင်း အားလုံးကို အွန်လိုင်းမှတစ်ဆင့် သင်ကြားရေးစနစ်ဆောင်ရွက်ရန်လည်း ညွှန်ကြားထားပါတယ်။

(Photo: Reuters)

ကူးစက်မှုများတွေ့ရတဲ့ ဒါဇင်းရှိ ရပ်ကွက်ငါးခုမှာ နေထိုင်သူတွေကို အိမ်ထဲမှာနေကြရန် အမိန့်ထုတ်ထားကြောင်း သိရပါတယ်။ ဒါဇင်းခရိုင်မှာ ဘေဂျင်းမြို့ရဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်နှစ်ခုအနက် လေဆိပ်သစ်ကြီး တည်ရှိနေပါတယ်။ တရုတ်ဟာ COVID-19 ကူးစက်မှုတွေကို ကနဦးမှာ ထိန်းချုပ်နိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း ကူးစက်မှုများ တစ်ကျော့ပြန် မြင့်တက်လာခဲ့ရာ lockdown သတ်မှတ်မှုများ၊ ခရီးသွားလာမှုကန့်သတ်ချက်များနဲ့ လူအစုအပြုံလိုက် ဗိုင်းရပ်စ်စစ်ဆေးမှုတွေ လုပ်ဆောင်နေခဲ့ရပါတယ်။

ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်အရ ဘေဂျင်းမြို့တော်မှ ခုနစ်ဦးအပါအဝင် တရုတ်နိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၁၀၃ ဦး တိုးလာခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ Hebei ၊ Heilongjiang နဲ့ Jilin ပြည်နယ်တွေမှာ လတ်တလော သီတင်းပတ်များအတွင်း ကူးစက်မှုတွေ မြင့်တက်နေခဲ့ရာ လူဦးရေ ၁၉ သန်းကျော်ကို lockdown လုပ်ထားခဲ့ပါတယ်။ ယခုအခါ ဘေဂျင်းအပါအဝင် တရုတ်နိုင်ငံမှာ lockdown လုပ်ထားတဲ့ လူဦးရေ သန်း ၂၀ ကျော်ပြီလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က