ပေါက်ကွဲမှုဟာ ဂက်စ်ယိုစိမ့်မှုကြောင့်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူတွေက အတည်ပြုခဲ့ပါတယ်။

စပိန်နိုင်ငံ မက်ဒရစ်မြို့တော်ရှိ အဆောက်အအုံတစ်ခုမှာ ကြီးမားတဲ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူသုံးဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

ဇန်နဝါရီ ၂၀ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါ ပေါက်ကွဲမှုဟာ ဂက်စ်ယိုစိမ့်မှုကြောင့်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူတွေက အတည်ပြုခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာရဲ့ သတင်းဓာတ်ပုံတွေအရ La Latina အရပ် အလယ်ပိုင်းရှိ လူနေတိုက်ခန်းတစ်ခုရဲ့ အပေါ်ဆုံး အထပ်လေးထပ် သို့မဟုတ် ငါးထပ်ဟာ နံရံများပွင့်ထွက်နေခဲ့ပြီး အဆောက်အအုံ အနီးတဝိုက် အပျက်အစီးများ ပြန့်ကျဲနေခဲ့တာ တွေ့ရပါတယ်။



အစိုးရကိုယ်စားလှယ် ဂျို့စ်မန်နျူရယ်ဖရန်ကိုက စပိန်ရုပ်မြင်သံကြားသတင်းဌာနကို ပြောကြားခဲ့မှုအရ အလုပ်သမားအဖွဲ့တစ်ဖွဲ့က အဆောက်အအုံရဲ့ ဘွိုင်လာကို ပြုပြင်နေစဥ် ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Sky News)

ဂက်စ်ပေါက်ကွဲမှုကြောင့် အသက် ၈၅ နှစ်အရွယ် အဘွားအိုတစ်ဦးနဲ့ လတ်တလော အသက်အရွယ်မသိရသေးတဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်းနဲ့ တတိယမြောက် သေဆုံးသူရဲ့အလောင်းဟာ အပျက်အစီးတွေအောက်မှာရှိနေဆဲဖြစ်ကြောင်း မက်ဒရစ်မြို့တော်ဝန် ဂျို့စ်လူးဝစ်မာတီနက်ဇ်-အယ်လ်မီဒါက အခင်းဖြစ်နေရာကို လာရောက်ကြည့်ရှုစဥ် ပြောခဲ့ပါတယ်။

ယခု ပေါက်ကွဲမှုကြောင့် နောက်ထပ် လူ ၁၁ ဦးလည်း ဒဏ်ရာရခဲ့ပြီး ၎င်းတို့အနက် အမျိုးသမီးတစ်ဦးဟာ စိုးရိမ်ရတဲ့အခြေအနေ ဖြစ်ပါတယ်။ ပေါက်ကွဲမှုဟာ ကြီးမားပြင်းထန်ပေမဲ့ ကပ်လျက်မှာရှိတဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာနဲ့ စာသင်ကျောင်းတို့မှာ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။

(Photo: Juan Medina/Reuters)

ပေါက်ကွဲမှုဖြစ်ပွားရာမှ တန်ချိန်နဲ့ချီလေးလံတဲ့ အပျက်အစီးများ စာသင်ကျောင်းရဲ့ ကစားကွင်းနေရာသို့ ကျရောက်ခဲ့ပေမဲ့ ကလေးများ စာသင်နေချိန်ဖြစ်တာကြောင့် ထိခိုက်မှုမရှိခဲ့ကြောင်း မက်ဒရစ်မြို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မက်ဒရစ်မြို့ရှိ စာသင်ကျောင်းတွေကို နှစ်ပေါင်း ၅၀ အတွင်း နှင်များအထူထပ်ဆုံး ကျရောက်ခဲ့မှုကြောင့် ကိုးရက်ကြာပိတ်ထားခဲ့ရာမှ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ပြန်ဖွင့်ခဲ့တာလည်း ဖြစ်ပါတယ်။ အထပ်ခြောက်ထပ်ပါ အဆောက်အအုံမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြီးကြောင့် လမ်းမတစ်လျှောက်ရှိ ကားအစီးရေ ၁၅ စီးထက်မနည်း ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။ 

.



က္က