ကာကွယ်ဆေးထိုးနှံမှုနဲ့ COVID-19 စစ်ဆေးမှုကို အရှိန်မြှင့်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
Ko John

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က နိုင်ငံမှာ ကူးစက်ဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး အရှိန်မြှင့်လုပ်ဆောင်ရန် သမ္မတအမိန့်ညွှန်ကြားချက် ၁၀ ခုကို လက်မှတ်ရေးထိုး ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

(Photo: Reuters)

သမ္မတဘိုင်ဒန်က ကာကွယ်ဆေးထိုးနှံမှုနဲ့ COVID-19 စစ်ဆေးမှုကို အရှိန်မြှင့်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ထို့အတူ ကူးစက်မှုထိန်းချုပ်ရေးမှာ မရှိမဖြစ် လိုအပ်တဲ့ mask ကဲ့သို့ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရန် အရေးပေါ်ဥပဒေ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။ သမ္မတဘိုင်ဒန်ရဲ့ COVID-19 ကို တုံ့ပြန်ဆောင်ရွက်မှုက ဒေါ်နယ်ထရန့်ကဲ့သို့မဟုတ်ဘဲ ပြည်နယ်တွေက ဆုံးဖြတ်မှုအပေါ် အမှီပြုခြင်းထက် နိုင်ငံတော်အဆင့် မဟာဗျူဟာကို အလေးထားကြောင်း သိရပါတယ်။



ကပ်ရောဂါတိုက်ဖျက်ရေး တုံ့ပြန်ဆောင်ရွက်မှုတွေကို ဘိုင်ဒန်က ၄၆ ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး နောက်တစ်ရက်မှာ လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ထရန့်အစိုးရဟာ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကို တုံ့ပြန်ဆောင်ရွက်ရာမှာ ဝေဖန်မှုများ ကြုံခဲ့ရပါတယ်။ အမေရိကန်ဟာ ကမ္ဘာတစ်ဝန်း COVID-19 ကပ်ရောဂါ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။

(Photo: AP)

လက်ရှိအချိန်အထိ အမေရိကန်မှာ ကူးစက်ခံရသူ ၂၄.၅ သန်းနီးပါးနဲ့ သေဆုံးသူ ၄၀၆,၀၀၀ ကျော်ရှိခဲ့ကြောင်း Johns Hopkins တက္ကသိုလ်ရဲ့ စာရင်းအချက်အလက်များအရ သိရှိရပါတယ်။ သမ္မတဘိုင်ဒန်က ယခုနှစ် ဧပြီလကုန်မှာ လူဦးရေ သန်း ၁၀၀ ကို ကာကွယ်ဆေးထိုးပေးပြီးဖြစ်ရန်နဲ့ ၎င်းရဲ့သမ္မတသက်တမ်း ပထမဆုံးရက် ၁၀၀ အတွင်း စာသင်ကျောင်းအများစုကို ဘေးကင်းစိတ်ချစွာ ပြန်လည်ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားပါတယ်။

သမ္မတဘိုင်ဒန်ရဲ့ အစီအစဥ်အရ အမေရိကန်မှာ COVID-19 ကာကွယ်ဆေးထိုးနှံနိုင်တဲ့ နေရာများအဖြစ် အားကစားရုံများနဲ့ လူမူရေးအဆောက်အအုံများမှာလည်း စီစဥ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ကပ်ရောဂါတိုက်ဖျက်ရေး ပြည်နယ်တွေနဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူများအတွက် ငွေကြေးထောက်ပံ့မှု ပိုမိုပေးအပ်သွားပြီး တစ်နိုင်ငံလုံးအတိုင်းအတာ တုံ့ပြန်ဆောင်ရွက်မှုကို ပူးပေါင်းလုပ်ဆောင်ရေး အစိုးရဌာနသစ်တစ်ခု ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။

သမ္မတဘိုင်ဒန်က အစိုးရအဆောက်အအုံတွထဲမှာ မဖြစ်မနေ mask တပ်ရန်၊ အ‌မေရိကန်သို့လာရောက်တဲ့ ခရီးသည်များ mask တပ်ရန်နဲ့ ကွာရန်တင်းဝင်ရန်ကဲ့သို့ တင်းကြပ်တဲ့ COVID-19 စည်းမျဉ်းကန့်သတ်ချက်များ သတ်မှတ်ထုတ်ပြန်လိုက်ပါတယ်။

(Photo: AFP)

သမ္မတဘိုင်ဒန်က ကျမ်းသစ္စာကျိန်ဆိုအပြီး နာရီပိုင်းအတွင်းမှာပင် ရာသီဥတုပြောင်းလဲမှုနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ထရန့်ရဲ့ မူဝါဒတွေကို ပြောင်းလဲခြင်းအပါအဝင် သမ္မတအမိန့်ညွှန်ကြားချက် ၁၅ ခု လက်မှတ်ရေးထိုးခဲ့ပါတယ်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပါရီသဘောတူညီချက် (Paris Aggrement) နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) မှာ အမေရိကန်နိုင်ငံ ပြန်လည်ပါဝင်သွားမယ်လို့ သမ္မတဘိုင်ဒန်ရဲ့ လက်ထောက်တွေက ပြောထားပါတယ်။

ဒုတိယသမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်ဆက်တိုက် ၈ နှစ်ကြာ တာဝန်ယူခဲ့ဖူးတဲ့ လက်ရှိ အသက် ၇၈ နှစ်အရွယ် ဘိုင်ဒန်ဟာ အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံး သမ္မတအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး ယခင် ထရန့်အစိုးရရဲ့ မူဝါဒအတော်များများကို ပြောင်းလဲသွားရန်ရှိနေပါတယ်။


Author


က္က