ဆူပူအုံကြွရန်လှုံ့ဆော်မှု စွဲချက်အား အောက်လွှတ်တော်က အထက်လွှတ်တော်သို့ ပေးပို့သွားမှာ ဖြစ်ပါတယ်။
Ko John

အမေရိကန်လွှတ်တော်အဆောက်အအုံ ဆူပူအုံကြွ စီးနင်းခံရမှုနဲ့ ပတ်သက်ပြီး ဒေါ်နယ်ထရန့်အပေါ် စွဲချက်တင်မှုကို အထက်လွှတ်တော် (Senate) မှာ ကြားနာစစ်ဆေးကာ အချေအတင် ဆွေးနွေးမှုများ လာမယ့် ဖေဖေါ်ဝါရီ ဒုတိယပတ်အစမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

(Photo: AP)

ဇန်နဝါရီ ၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ လွှတ်တော်အဆောက်အအုံကို ဆူပူအုံကြွ စီးနင်းဝင်ရောက်မှုနဲ့ ပတ်သက်ပြီး ထိုစဥ်က သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေဆဲဖြစ်သူ ထရန့်ကို အားပေးလှုံ့ဆော်မှုဖြင့် အောက်လွှတ်တော် (House of Representative) က စွပ်စွဲပြစ်တင်ပြီး စွဲချက်တင်ရန် မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။



အောက်လွှတ်တော်မှာ မွဲခွဲဆုံးဖြတ်ပြီးနောက် ထိုကိစ္စကို အထက်လွှတ်တော်မှာ ဆက်လက် ကြားနာစစ်ဆေးကာ ဆွေးနွေးသွားရမှာဖြစ်ပြီး သုံးပုံနှစ်ပုံက ထောက်ခံပါက ထရန့်ကို သမ္မတရွေးကောက်ပွဲဝင်ခြင်းကဲ့သို့ နိုင်ငံရေးကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ခွင့်မပြုကြောင်း ပိတ်ပင်နိုင်ပါတယ်။ ထရန့်နဲ့ ပတ်သက်ပြီး ဆူပူအုံကြွရန်လှုံ့ဆော်မှု စွဲချက်အား တနင်္လာနေ့ (ဇန်နဝါရီ ၂၅ ရက်) မှာ အောက်လွှတ်တော်က အထက်လွှတ်တော်သို့ ပေးပို့သွားမှာ ဖြစ်ပါတယ်။

(Photo: AFP)

ကွန်ဂရက်လွှတ်တော်မှာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အတည်ပြုရန် အစည်းအဝေးပြုလုပ်နေစဥ် ထရန့်လိုလားသူတွေက ဆူပူအုံကြွ စီးနင်းခဲ့ကြပြီး ထိုဖြစ်ရပ်အတွင်း ရဲအရာရှိတစ်ဦး အပါအဝင် လူငါးဦး သေဆုံးခဲ့ပါတယ်။ ထရန့်ကို လွှတ်တော်အဆောက်အအုံမှာ ဆူပူအုံကြွရန် လှုံဆော်မှုစွဲချက်နဲ့ ပတ်သက်ပြီး အထက်လွှတ်တော်က ဖေဖေါ်ဝါရီ ၈ ရက်နေ့မှစပြီး ကြားနာဆွေးနွေးသွားမယ်လို့ ယမန်နေ့ (ဇန်နဝါရီ ၂၂ ရက်) မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ယခု ကြေညာလိုက်တဲ့ အထက်လွှတ်တော်မှာ ကြားနာဆွေးနွေးမယ့်ရက်အရ ထရန့်ရဲ့ရှေ့နေတွေအတွက် ခုံခံချေပရန် ကြိုတင်ပြင်ဆင်ချိန် သီတင်းနှစ်ပတ်ရရှိခဲ့ပါတယ်။ ထရန့်ဟာ အိမ်ဖြူတော်မှထွက်ခွာပြီးနောက် ယခုကဲ့သို့ စွဲချက်ကို ရင်ဆိုင်သွားရမယ့် ပထမဆုံး သမ္မတဟောင်းတစ်ဦး ဖြစ်လာပါတယ်။

(Photo: AFP)

ထို့အတူ ထရန့်ဟာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ဆဲမှာ နှစ်ကြိမ်စွပ်စွဲပြစ်တင်ခံရတဲ့ ပထမဆုံး အမေရိကန်သမ္မတအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၂၀ သမ္မရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန်က Electoral College မဲ ၃၀၆ မဲဖြင့် အနိုင်ရရှိပြီး ရီပတ်ဘလစ်ကင်ပါတီမှ လက်ရှိသမ္မတ ဒေါ်နယ်ထရန့်က ၂၃၂ မဲရရှိကြောင်း ကွန်ဂရက်လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

ထရန့်ကတော့ ရွေးကောက်ပွဲရှုံးနိမ့်ကြောင်းကို အပြည့်အဝ လက်ခံခဲ့ခြင်းမရှိဘဲ ဘိုင်ဒန်ရဲ့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲကိုလည်း တက်ရောက်ခြင်းမရှိခဲ့ပါဘူး။ ၎င်းဟာ အမေရိကန်သမိုင်းတစ်လျှောက် ၁၈၆၉ ခုနှစ်နောက်ပိုင်း သက်တမ်းကုန်ဆုံးတဲ့ သမ္မတတစ်ဦးက နောက်တက်မယ့် သမ္မတသစ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခြင်းမရှိတဲ့ သမ္မတဖြစ်ခဲ့ပါတယ်။

(Photo: AP)

ထရန့်က ၎င်းရဲ့ နှုတ်ဆက်မိန့်ခွန်းမှာလည်း အစိုးရအဖွဲ့သစ်အတွက် ဆုမွန်ကောင်းတောင်းကြရန် တိုက်တွန်းခဲ့ပေမဲ့ ဂျိုးဘိုင်ဒန်ရဲ့အမည်ကို အသိအမှတ်ပြု ရည်ညွှန်းပြောကြားခဲ့ခြင်း မရှိဘူးလို့ဆိုပါတယ်။ လွှတ်တော်အဆောက်အအုံကို ဆူပူအုံကြွ စီးနင်းမှုနဲ့ ပတ်သက်ပြီး "နိုင်ငံရေးအကြမ်းဖက်မှုဟာ အမေရိကန်ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ ချစ်ခင်မြတ်နိုးတဲ့ အရာအားလုံးကို တိုက်ခိုက်မှုတစ်ခုပါပဲ၊ ဒါကို သည်းခံမှာမဟုတ်ပါဘူး" လို့ သမ္မတထရန့်က ၎င်းရဲ့ နှုတ်ဆက်မိ့န့်ခွန်းမှာ ထရန့်က ထည့်သွင်းပြောခဲ့ပါတယ်။ လွှတ်တော်အဆောက်အအုံ ဆူပူအုံကြွ စီးနင်းခံရမှုနဲ့ ဆက်စပ်ပြီး အထက်လွှတ်တော်မှာ ထရန့်အပေါ် မည်သို့ ဆွေးနွေးဆုံးဖြတ်သွားမယ်ဆိုတာ ဆက်လက် စောင့်ကြည့်ရမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က