လယ်ရီကင်းဟာ ကွယ်လွန်ချိန်မှာ အသက် ၈၇ နှစ်ရှိပြီ ဖြစ်ပါတယ်။
Ko John

နာမည်ကြီး ရုပ်မြင်သံကြား Talk Show အစီအစဥ်တင်ဆက်သူဟောင်း အသက် ၈၇ နှစ်အရွယ် လယ်ရီကင်း (Larry King) ကွယ်လွန်သွားပြီလို့ ၎င်းရဲ့ တရားဝင် Twitter အကောင့်မှာ ယနေ့ (ဇန်နဝါရီ ၂၃ ရက်) သတင်းထုတ်ပြန်ထားပါတယ်။

(လယ်ရီးကင်း Twitter မှာ သတင်းထုတ်ပြန်ထားမှု) (Photo: Larry King/Twitter)

လယ်ရီကင်းဟာ လော့စ်အိန်ဂျလိစ်မြို့ရှိ Cedars-Sinai Medical Center ဆေးရုံမှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ လယ်ရီကင်း ကွယ်လွန်ရတဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးပေမဲ့ ၎င်းဟာ COVID-19 ကူးစက်ခံရပြီး ဆေးရုံတက်ခဲ့ရကြောင်း CNN သတင်းဌာနက အစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။

BBC သတင်းဌာနကတော့ လယ်ရီကင်းဟာ COVID-19 ကြောင့် ကွယ်လွန်ခဲ့တယ်လို့ ပြောထားပါတယ်။ လယ်ရီကင်းဟာ Type 2 ဆီးချိုရောဂါရှိသူဖြစ်ပြီး နှလုံးရုတ်တရက်ဖောက်ပြန်မှု၊ အဆုတ်ကင်ဆာနဲ့ နှလုံးသို့ သွေးစီးဆင်မှုလျော့ကျခြင်း အပါအဝင် ကျန်းမာရေးပြဿနာများအတွက် ကုသမှုခံယူခဲ့ရဖူးပါတယ်။

(နာမည်ကြီး ရုပ်သံအင်တာဗျူး တင်ဆက်သူ လယ်ရီကင်း) (Photo: Reuters)

ထင်ရှားကျော်ကြားတဲ့ အစီအစဥ်တင်ဆက်သူ လယ်ရီကင်းဟာ ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ ဒစ်ဂျစ်မီဒီယာ နယ်ပယ်တွေမှာ ၆၃ နှစ်ကြာ လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ လယ်ရီကင်းဟာ ၁၉၇၄ ခုနှစ်မှစပြီး အနားမယူခင်အချိန်အထိ အမေရိကန်သမ္မတအားလုံးကနေ ကမ္ဘာ့ခေါင်းဆောင်တွေဖြစ်တဲ့ ယာဆာအာရာဖတ်၊ ဗလာဒီမာပူတင်တို့အထိ အင်တာဗျူးခဲ့ပါတယ်။

ထို့အတူ အောင်မြင်ကျော်ကြားသူတွေဖြစ်တဲ့ အော်ပရာဝင်းဖရေး၊ ဖရန့်ခ်စီနာထရာ၊ မာလွန်ဘရန်ဒိုနဲ့ ဘာဘရာစထရီးစန်းဒ်တို့ကိုလည်း အင်တာဗျူးခဲ့သူဖြစ်ပါတယ်။ လယ်ရီကင်းရဲ့ အင်တာဗျူးအစီအစဥ်တွေဟာ လူကြိုက်များပြီး ကမ္ဘာကျော်ခဲ့ပါတယ်။

(၂၀၀၂ ခုနှစ်က လယ်ရီကင်းနှင့် ဘီလ်ကလင်တန်) (Photo: Reuters)

လယ်ရီကင်းဟာ CNN ရဲ့ Larry King Live မှာ ၂၅ နှစ်ကြာ အစီအစဥ်တင်ဆက်သူအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ အနားယူခဲ့ပါတယ်။ ထို့နောက် ၎င်းရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်မှာ အင်တာဗျူးအစီအစဥ်များ ဆက်လက် တင်ဆက်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ ၎င်းကိုယ်တိုင် ပူးတွဲတည်ထောင်ထားတဲ့ Ora TV ဒစ်ဂျစ်တယ်ရုပ်သံမှာ Larry King Now အမည်ဖြင့် အစီအစဥ်တင်ဆက်မှု စတင်ခဲ့ပါတယ်။ လယ်ရီကင်းဟာ ၂၀၁၃ ခုနှစ်မှာ Politicking with Larry King အမည်ဖြင့် အစီအစဥ်တစ်ခုကိုလည်း Ora TV မှာ စတင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က