ရုရှားရဲတပ်ဖွဲ့က လူ ၂,၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဆန္ဒပြမှုတွေကို အင်အားသုံးဖြိုခွဲခဲ့ပါတယ်။

ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny ကို ပြန်လွှတ်ပေးရန် ဇန်နဝါရီ ၂၃ ရက်နေ့က နိုင်ငံတစ်ဝန်း လူဦးရေ ထောင်သောင်းချီ စုရုံးဆန္ဒပြခဲ့ကြရာ ရဲတပ်ဖွဲ့က အနည်းဆုံး လူ ၂,၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဆန္ဒပြမှုတွေကို အင်အားသုံးဖြိုခွဲခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဆန္ဒပြသူတွေအနက် Navalny ရဲ့ ဇနီးဖြစ်သူလည်း ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ Navalny က ဂျာမနီကနေ ရုရှားသို့ ပြန်လည်ရောက်ရှိလာစဥ် မော်စကိုမြို့တော်ရှိ လေဆိပ်တစ်ခုမှာ ဖမ်းဆီးခံရပြီးနောက် ၎င်းအားထောက်ခံသူတွေကို ဆန္ဒပြကြရန် တိုက်တွန်းခဲ့ပါတယ်။



ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ၎င်းရဲ့အစိုးရကို လူသိရှင်ကြား ဝေဖန်ပြောဆိုလေ့ရှိတဲ့ Navalny ဟာ ယမန်နှစ် ဩဂုတ်လအတွင်း အဆိပ်ခတ်ခံရပြီး ကိုမာဝင် (သတိမေ့မြော)သွားခဲ့ရာမှ ဂျာမနီသို့ပို့ဆောင်ကာ ဆေးကုမှုခံယူခဲ့ရပါတယ်။ ၎င်းဟာ ယမန်နှစ် ဩဂုတ် ၂၀ ရက်နေ့မှာ ဆိုက်ဘေးရီးယားနယ်မြေ Tomsk မြို့မှ မော်စကိုမြို့သို့ လေယာဥ်စီးလာစဥ်အတွင်း နေမကောင်းဖြစ်လာခဲ့ရာ လေယာဥ်ကို Omsk မြို့မှာ အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။

(Photo: Reuters)

Navalny ကို ထိုမြို့ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကိုမာဝင်သွားခဲ့ပါတယ်။ ထို့နောက် ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ Charité ဆေးရုံသို့ လေယာဥ်ဖြင့် ရွှေ့ပြောင်းခေါ်ဆောင်လာခဲ့ပြီး ဆေးကုသခဲ့တာ ဖြစ်ပါတယ်။ Navalny ကို ကျန်းမာရေးစစ်ဆေးမှုအရ ၎င်းဟာ Novichok အာရုံကြောအဆိပ်ခတ်ခံရကြောင်း ကောက်ချက်ချခဲ့ကြပါတယ်။

Novichok အာရုံကြောအဆိပ်ကို ၎င်းရဲ့ အတွင်းခံဘောင်းဘီတွေမှာ ရုရှားအေးဂျင့်တွေက ထည့်ထားခဲ့တယ်လို့ Navalny က ဆိုပါတယ်။ Navalny ဟာ သမ္မတပူတင်ရဲ့ အမိန့်ပေးစေခိုင်းမှုအရ အဆိပ်ခတ်ခံခဲ့ရကြောင်း ၎င်းရဲ့အဖွဲ့က စွပ်စွဲပြောဆိုခဲ့ပါတယ်။ ရုရှားအစိုးရကတော့ Navalny အဆိပ်ခတ်ခံရမှုမှာ တစ်စုံတရာ ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့ အခိုင်အမာ ငြင်းဆိုထားပါတယ်။

(Photo: NY Times)

အသက် ၄၄ နှစ်အရွယ် Navalny ဟာ စုစုပေါင်း ၃၂ ရက်ကြာ ဆေးရုံတက်ရောက်ခဲ့ရပြီး ၎င်းကို အထူးကြပ်မတ်ကုသဆောင်မှာ ၂၄ ရက်ကြာ ကုသပေးခဲ့ရတယ်လို့ ဆေးရုံးက ပြောခဲ့ပါတယ်။ ဂျာမနီမှာ ဆေးကုသမှုခံယူခဲ့ပြီးနောက် ဇန်နဝါရီ ၁၇ ရက်နေ့မှာ Navalny နဲ့ ဇနီးတို့ဟာ ဘာလင်မြို့ကနေ Pobeda လေကြောင်းလိုင်း လေယာဥ်ဖြင့် ရုရှားသို့ ပြန်လာခဲ့ပြီး ၎င်းကိုထောက်ခံသူ ထောင်နဲ့ချီ စောင့်ဆိုင်းနေကြတဲ့ Vnukovo လေဆိပ်မှာ မူလအစီအစဥ်အတိုင်း မဆင်းသက်ဘဲ Sheremetyevo လေဆိပ်မှာ ဆင်းသက်ခဲ့ပါတယ်။

ထိုလေဆိပ်မှာ ဆင်းသက်ခဲ့ပြီးနောက် Navalny ကို ရုရှားအာဏာပိုင်တွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ Navalny ကို ရုရှားအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီးနောက် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ဝေဖန်ပြစ်တင်ပြီး ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြပါတယ်။ Navalny ကို ဖမ်းဆီးထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှ ‌‌ဝေဖန်ပြစ်တင်မှုကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပယ်ချခဲ့ပါတယ်။

(Photo: Reuters)

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က အနောက်အုပ်စု နိုင်ငံရေးသမားတွေက ၎င်းတို့ရဲ့ ပြည်တွင်းရေးပြဿနာများကို အာရုံလွှဲရန် ယခုကိစ္စကို နည်းလမ်းတစ်ခုအဖြစ် အသုံးချနေခဲ့ကြောင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ထို့နောက် Navalny ကို ထောက်ခံသူတွေက မော်စကိုမြို့တော်မှာ စုရုံးဆန္ဒပြရန် စီစဥ်လာခဲ့ကြရာ အာဏာပိုင်တွေက COVID-19 ကူးစက်မှုအန္တရာယ်ရှိကြောင်းနဲ့ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြမှုမှာ ပါဝင်ခြင်းကြောင်း ဖမ်းဆီးစွဲချက်တင်ခံရမယ်လို့ သတိပေးထားခဲ့ပါတယ်။

သို့သော် အတိုက်အခံခေါင်းဆောင် Navalny ကို အားပေးထောက်ခံသူတွေက အာဏာပိုင်တွေရဲ့ တားမြစ်ချက်နဲ့ အလွန်အေးနေတဲ့ ရာသီဥတုကိုအန်တုပြီး အလုံးအရင်းနဲ့ လမ်းမပေါ်ထွက်ကာ Navalny ကို ပြန်လွှတ်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ရုရှားမှာ ပြုလုပ်ခဲ့တဲ့ Navalny လွတ်မြောက်ရေး ဆန္ဒပြပွဲ‌မှာ အနည်းဆုံး လူ ၄၀,၀၀၀ ပါဝင်ခဲ့ကြတယ်လို့ Reuters သတင်းထောက်တွေက ခန့်မှန်းခဲ့ကြပါတယ်။

(Photo: Getty Images)

ရုရှားရဲတပ်ဖွဲ့က ဆန္ဒပြသူတွေက ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးထိန်းသိမ်းနေခဲ့ပြီး အနီးအနားရှိ ဗင်ကားများထဲသို့ ထည့်သွင်းနေခဲ့တယ်လို့ ဆိုပါတယ်။ ရုရှားအာဏာပိုင်တွေကတော့ ဆန္ဒပြပွဲကို လူ ၄,၀၀၀ ခန့်သာ ပါဝင်ခဲ့ကြကြောင်းနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက Reuters ရဲ့ လူအရေအတွက် ခန့်မှန်းဖော်ပြမှုကို မေးခွန်းထုတ်ခဲ့ပြီး အလွန်များနေကြောင်း ပြောဆိုခဲ့ပါတယ်။ ရုရှားမှာ ယမန်နေ့ ဆန္ဒပြပွဲမတိုင်မီ ရက်ပိုင်းကတည်းက Navalny ရဲ့ မဟာမိတ်တွေကို ဖမ်းဆီးထိန်းသိမ်းမှုတွေလည်း ရှိခဲ့ပါတယ်။

ဆန္ဒပြမှုစောင့်ကြည့်အုပ်စု OVD-Info ရဲ့ အဆိုအရ မော်စကိုမြို့မှာ လူ ၇၀၀ ကျော်နဲ့ စိန့်ပီတာစဘတ်မြို့မှာ လူ ၂၁၂ ဦးထက်မနည်း အပါအဝင် ရုရှားနိုင်ငံတစ်ဝန်းမှာ Navalny လွတ်မြောက်ရေး ဆန္ဒပြသူ အနည်းဆုံး ၂,၁၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံရကြောင်း သိရပါတယ်။ ယမန်နေ့က ရုရှားနိုင်ငံရှိ မြို့ကြီး မြို့ငယ် ၇၀ နီးပါးမှာ အတိုက်အခံခေါင်းဆောင် Navalny လွတ်မြောက်ရေး စုရုံးဆန္ဒပြခဲ့ကြတယ်လို့ OVD-Info က ပြောပါတယ်။

.


ဆက်စပ်အကြောင်းအရာများ



က္က