ဆူပူအုံကြွသူတွေက စတိုးဆိုင်များကို ဖျက်ဆီးလုယက်ပြီး မီးရှို့ခဲ့ကြပါတယ်။

နယ်သာလန်နိုင်ငံမှာ ပိုမိုတင်းကြပ်လိုက်တဲ့ COVID-19 ထိန်းချုပ်ရေး စည်းမျဥ်းကန့်သတ်ချက်တွေကို မြို့ကြီးမြို့ငယ်တွေမှာ ကန့်ကွက်ဆန္ဒပြရာမှ ဆူပူအုံကြွသူတွေက စတိုးဆိုင်များကို ဖျက်ဆီးလုယက်ပြီး မီးရှို့ခဲ့ကြရာ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး လူ ၂၄၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ နယ်သာလန်မီဒီယာက ပြောပါတယ်။

(Photo: EPA)

ယမန်နေ့ (ဇန်နဝါရီ ၂၄ ရက်) ဆူပူအုံကြွမှုဟာ ညမထွက်ရအမိန့် အပါအဝင် ပိုမိုတင်းကြပ်လိုက်တဲ့ COVID-19 စည်းမျဥ်းများကို ကန့်ကွက်ဆန္ဒပြမှု ဒုတိယမြောက်နေ့မှာ ဖြစ်ပွားလာခဲ့တာလည်း ဖြစ်ပါတယ်။ ယမန်နေ့ မွန်းလွဲပိုင်းက အမ်စတာဒမ်မြို့လယ်မှာ ဆန္ဒပြမှုကို ရဲတပ်ဖွဲ့က ရေအမြောက်များ၊ ရာဘာတုတ်များ၊ ခွေးများနဲ့ မြင်းစီးရဲတပ်ဖွဲ့ဝင်များဖြင့် ဖြိုခွဲခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူတွေက ပြောပါတယ်။



ကျောက်ခဲများနဲ့ မီးရှူးမီးပန်းများဖြင့် ပစ်ပေါက်သူအချို့ အပါအဝင် လူ ၂၀၀ နီးပါးကို အမ်စတာဒမ်မြို့မှာ ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ နယ်သာလန်သတင်းဌာန NOS က ပြောကြားမှုအရ ယမန်နေ့ ည ၉ နာရီမှာ ညမထွက်ရအမိန့် စတင်သက်ရောက်ခဲ့ပြီးနောက် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို မြို့ကြီးမြို့ငယ် ၁၀ ခုထက်မနည်းမှာ ဖြန့်ကျက်ချထားကြောင်း သိရပါတယ်။

(Photo: Reuters)

နယ်သာလန်မှာ COVID-19 စည်းမျဥ်းများကို ကန့်ကွက်ဆန္ဒပြ ဆူပူအုံကြွမှုအတွင်း ကားများကို မီးရှို့ခြင်း၊ ရဲတပ်ဖွဲ့ကို ကျောက်ခဲဖြင့် ပစ်ပေါက်ခြင်းနဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံတွေကို ဖျက်ဆီးခြင်းတို့ ဖြစ်ပွားခဲ့ပါတယ်။ နယ်သာလန်စစ်ရဲတပ်ဖွဲ့က Twitter မှာ ရေးသားထားမှုအရ နိုင်ငံတောင်ပိုင်းရှိ အနည်းဆုံး မြို့နှစ်မြို့မှာ ဒေသခံရဲတပ်ဖွဲ့ကို ကူညီပေးနေခဲ့တယ်လို့ သိရပါတယ်။

နယ်သာလန်ရုပ်မြင်သံကြားသတင်းက ထုတ်လွှင့်ပြသခဲ့ရာမှာ နိုင်ငံတောင်ပိုင်းရှိ Eindhoven မြို့မှာ လူငယ်အုပ်စုတွေက ဈေးဆိုင်များကို ဖျက်ဆီးလုယက်မှု၊ စက်ဘီးများကို လွှင့်ပစ်မှုနဲ့ မီးရှို့မှုတွေ လုပ်ဆောင်ခဲ့ကြတာ တွေ့ရပါတယ်။ Eindhoven မြို့မှာ ဆူပူအုံကြွမှုအတွင်း လူ ၅၅ ဦး ဖမ်းဆီးခံခဲ့ရကြောင်း မြို့တာဝန်ရှိသူတွေက ထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။

(Photo: Reuters)

အစိုးရက ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ် ညမထွက်ရအမိန့်ထုတ်ခဲ့ပြီး နောက်တစ်ရက်မှာ နယ်သာလန်မြို့တော် အမ်စတာဒမ်မြို့ရဲ့ Museum Square နေရာသို့ ဆန္ဒပြသူများက လူစုလူဝေးမလုပ်ရန် တားမြစ်ချက်ကို ဖီဆန်ပြီး စုရုံးဆန္ဒပြခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့က ထိုနေရာကို ရှင်းလင်းပြီး ၎င်းတို့ကို ကျောက်ခဲဖြင့် ပစ်ပေါက်သူများနဲ့ အနီးအနားရှိ လမ်းတွေမှာ မီးရှူးမီးပန်းပစ်ဖောက်သူများကို ဖမ်းဆီးခဲ့ကြောင်း မြို့တော်ဝန်ရုံးခန်းက ထုတ်ပြန်ပါတယ်။

နယ်သာလန်မှာ ညမထွက်ရအမိန့်ထုတ်ပြန် လွှတ်တော်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကျဥ်းမြောင်းတဲ့ မဲရလဒ်ဖြင့် ထောက်ခံအတည်ပြုခဲ့တာ ဖြစ်ပါတယ်။ နယ်သာလန်မှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၉၄၄,၀၀၀ နဲ့ သေဆုံးသူ ၁၃,၅၄၀ ရှိခဲ့ကြောင်း သိရပါတယ်။

.



က္က