ပိတ်မိခဲ့တဲ့ မိုင်းတွင်းလုပ်သားတွေအနက် ၁၁ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှ ရွှေတူးဖော်ရေးမိုင်းတွင်းတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ပိတ်မိနေခဲ့တဲ့ မိုင်တွင်းလုပ်သား ၉ ဦးရဲ့ အလောင်းတွေကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေတွေ့ရှိခဲ့ကြောင်းနဲ့ သေဆုံးသူဦးရေ ၁၀ ဦးဖြစ်လာကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ယနေ့ (ဇန်နဝါရီ ၂၅ ရက်) ပြောပါတယ်။

(Photo: AFP)

အဆိုပါ မိုင်းတွင်းရဲ့ မြေအောက်အနက် ပေ ၁,၉၀၀ ကျော် (မီတာ ၆၀၀) နေရာကနေ မိုင်းတွင်းလုပ်သား ၁၁ ဦးကို ယမန်နေ့ (ဇန်နဝါရီ ၂၄ ရက်) မှာ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီးနောက် သေဆုံးခဲ့သူတွေရဲ့ အလောင်းတွေကို ယနေ့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ မိုင်းတွင်းလုပ်သားတစ်ဦးမှာ ပေါက်ကွဲမှုဖြစ်ပွားစဥ် ဦးခေါင်းဒဏ်ရာရပြီး သေဆုံးခဲ့ရာ ယခုအခါ သေဆုံးသူ ၁၀ ဦးရှိလာခဲ့ပြီး တစ်ဦးကတော့ ပျောက်ဆုံးနေပါတယ်။



ဇန်နဝါရီ ၁၀ ရက်နေ့က Shangdong ပြည်နယ် Yantai မြို့အနီးရှိ Hushan မိုင်းတွင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာမှ ထွက်ပေါက်နဲ့ ဆက်သွယ်ရေးစနစ် ပျက်စီးသွားခဲ့ပြီး မိုင်းတွင်းလုပ်သား ၂၂ ဦး မြေအောက်မှာ ပိတ်မိခဲ့ကြတာ ဖြစ်ပါတယ်။ အဆိုပါ ရွှေတူးဖော်ရေး မိုင်းတွင်းဟာ လက်ရှိမှာ လုပ်ငန်းလုပ်ကိုင်နေခြင်းမရှိသေးဘဲ တည်ဆောက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

(Photo: AP)

"တနင်္ဂနွေနေ့ (ဇန်နဝါရီ ၂၄ ရက်) မွန်းလွဲပိုင်းကနေ ဒီနေ့ (ဇန်နဝါရီ ၂၅ ရက်) မွန်းလွဲပိုင်းအထိ ကယ်ဆယ်ရေးသမားတွေက ရှာဖွေရေးကို မရပ်မနား လုပ်ဆောင်နေခဲ့ကြပြီး နောက်ထပ် ပိတ်မိနေတဲ့ မိုင်းတွင်းလုပ်သား ၉ ဦးကို ရှာဖွေတွေ့ရှိခဲ့ပေမဲ့ ကံမကောင်းစွာပဲ သူတို့အားလုံး သေဆုံးနေခဲ့ပြီ ဖြစ်ပါတယ်" လို့ Yantai မြို့ အုပ်ချုပ်ရေးမှူး Chen Fei က ယနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

Hushan မိုင်းတွင်းရဲ့ လေဝင်လေထွက်ပေါက် ပြုလုပ်ထားတဲ့နေရာမှာ ကနဦး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အဝင်အထွက်ပေါက် ပိတ်ဆို့သွားခဲ့ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် Chen Yumin က ပြောကြားမှုအရ သေဆုံးခဲ့တဲ့ မိုင်းတွင်းလုပ်သား ၉ ဦးဟာ မိုင်းတွင်းထဲကနေ လွတ်မြောက်ရန် ဝင်ပေါက်နေရာသို့ တွယ်တက်နေခဲ့ကြစဥ် မိုင်းတွင်းထဲမှာ ဒုတိယအကြိမ် ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ဖွယ်ရှိကြောင်း သိရပါတယ်။ 

(Photo: AFP)

ကယ်ဆယ်ရေးသမားတွေက မိုင်းတွင်းရဲ့ မြေအောက်နေရာမှာ ပိတ်မိနေခဲ့ပြီး အသက်ရှင်ခဲ့ကြတဲ့ မိုင်းတွင်းလုပ်သားများထံသို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အပေါက်ငယ်များတူပြီး အစားအစာနဲ့ ဆေးဝါးများ ပို့ဆောင်ခဲ့ပါတယ်။ မိုင်းတွင်းလုပ်သားတွေက ၎င်းတို့ကို ကယ်ဆယ်ရေး လက်မလျှော့ရန် တောင်းဆိုထားတဲ့ စာတိုတစ်စောင်ကို ကယ်ဆယ်ရေးသမားများထံသို့ ပေးပို့ခဲ့ပြီး နောက်ပိုင်းမှာ ဖုန်းအဆက်အသွယ်လည်းရခဲ့ပါတယ်။ ထို့နောက် ယမန်နေ့မှာ ဒဏ်ရာရသူတစ်ဦး အပါအဝင် မိုင်းတွင်းလုပ်သား ၁၁ ဦး အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။ မိုင်းတွင်းမတော်တဆမှုဖြစ်ပြီးနောက် ၂၄ နာရီကျော်ကြာတဲ့အထိ သက်ဆိုင်ရာကို အကြောင်းမကြားခဲ့မှုအတွက် အာဏာပိုင်တွေက အဆိုပါမိုင်းတွင်းရဲ့ မန်နေဂျာတွေကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရပါတယ်။

(Photo: Xinhua)

တရုတ်နိုင်ငံမှာ ယမန်နှစ် ဒီဇင်ဘာလအတွင်းကလည်း ကျောက်မီးသွေးတွင်းတစ်ခုမှာ ကာဗွန်မိုနော့ဆိုက် ယိုစိမ့်မှုကြောင့် မိုင်းတွင်းလုပ်သား ၂၃ ဦး သေဆုံးခဲ့ပါတယ်။ ထို့အတူ စက်တင်ဘာလအတွင်းကလည်း Chongqing မြို့စွန်ရှိ မိုင်းတွင်းတစ်ခုမှာ မီးလောင်မှုဖြစ်ပွားပြီး ကာဗွန်မိုနော့ဆိုက်ပမာဏ မြင့်တက်မှုကြောင့် မိုင်းတွင်းလုပ်သား ၁၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာအတွင်းမှာတော့ တရုတ်အနောက်တောင်ပိုင်း Guizhou ပြည်နယ်ရှိ ကျောက်မီးသွေးတွင်းတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ မိုင်းတွင်းလုပ်ငန်းတွေမှာ မတော်တဆမှုတွေကြောင့် နှစ်စဥ် ပျမ်းမျှအားဖြင့် လူ ၅,၀၀၀ ကျော် သေဆုံးလေ့ရှိကြောင်း AP သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က