မိသားစုနဲ့အတူ တောင်ကိုရီးယားသို့ ထွက်ပြေးခိုလှုံခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား အဆင့်မြင့် သံတမန်တစ်ဦး တောင်ကိုရီးယားသို့ ဘက်ပြောင်းခိုလှုံသွားခဲ့ကြောင်း မီဒီယာတွေက ဖော်ပြပါတယ်။

(သံတမန် Ryu Hyun-woo [အလယ်မှ]) (Photo: Yonhap)

ကူဝိတ်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယား ယာယီသံမတ်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ Ryu Hyun-woo ဟာ ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း ၎င်းရဲ့မိသားစုနဲ့အတူ တောင်ကိုရီးယားသို့ ထွက်ပြေးခိုလှုံခဲ့ခြင်းဖြစ်ကြောင်း Maeil Business နေ့စဥ်ထုတ် စီးပွားရေးသတင်းစာက ယနေ့ (ဇန်နဝါရီ ၂၅ ရက်) ဖော်ပြခဲ့ပါတယ်။



သံတမန် Ryu Hyun-woo က ၎င်းရဲ့ကလေးများအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဘဝရရှိစေရန် ထိုသို့ ဘက်ပြောင်းခိုလှုံခဲ့ခြင်းဖြစ်တယ်လို့ Maeil က ပြောပါတယ်။ ယခုဖြစ်ရပ်ဟာ အီတလီမှာ တာဝန်ကျတဲ့ မြောက်ကိုရီးယားသံတမန် Jo Song-gil ၂၀၁၈ ခုနှစ်အတွင်း ပျောက်ဆုံးသွားခဲ့စဥ်ကနဲ့ ဆင်တူနေပါတယ်။ မြောက်ကိုရီးယားသံတမန် Jo Song-gil ဟာ ပျောက်ဆုံးသွားခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်အတွင်း တောင်ကိုရီးယားသို့ ဘက်ပြောင်းခိုလှုံသွားခဲ့တာဖြစ်ကြောင်း ၂၀၂၀ ခုနှစ်မှာ သတင်းထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

(တောင်ကိုရီးယားမှာ အမတ်ဖြစ်လာသည့် Thae Yong-ho) (Photo: Getty Images)

တောင်ကိုရီးယား အစိုးရတာဝန်ရှိသူတွေကတော့ မြောက်ကိုရီးယားသံတမန်တွေ ဘက်ပြောင်းခိုလှုံကြောင်း သတင်းတွေကို အတည်ပြုရန် ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားသံအမတ် Ryu Hyun-woo က ဘက်ပြောင်းခိုလှုံရန် တောင်ကိုရီးယားသို့ ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း ရောက်ရှိခဲ့ပေမဲ့ ၎င်းရဲ့ဘက်ပြောင်းခိုလှုံမှုကို ယခုအချိန်အထိ လျှို့ဝှက်ထားခဲ့ကြောင်း မီဒီယာက ဖော်ပြပါတယ်။

၎င်းဟာ ၂၀၁၇ ခုနှစ်ကတည်းက ကူဝိတ်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယား ယာယီသံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ Ryu Hyun-woo ဟာ မြောက်ကိုရီးယားခေါင်းဆောင်ပိုင်းရဲ့ လျှို့ဝှက်ဘဏ္ဍာငွေကို တာဝန်ယူစီမံခန့်ခွဲရတဲ့ရုံး အကြီးအကဲ Jon Il Chun ရဲ့ သားမက်ဖြစ်တယ်လို့ ယူဆရပါတယ်။

(ဘက်ပြောင်းခိုလှုံခဲ့သည့် Jo Song-gil) (Photo: kimjongun.it)

မြောက်ကိုရီးယားရဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ ဒုတိယသံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့သူ Thae Yong-ho ဟာလည်း ၎င်းရဲ့မိသားစုနဲ့အတူ ၂၀၁၆ ခုနှစ်အတွင်း တောင်ကိုရီးယားသို့ ဘက်ပြောင်းခိုလှုံခဲ့ပါတယ်။ ထို့နောက် လေးနှစ်အကြမှာတော့ Thae Yong-ho ဟာ လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရတဲ့ ပထမဆုံး ဘက်ပြောင်းခိုလှုံသူ ဖြစ်လာခဲ့ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားကနေ နှစ်စဥ် လူ ၁,၀၀၀ ခန့် ဘက်ပြောင်းခိုလှုံနေကြပေမဲ့ ပုံမှန်အားဖြင့် အဆင့်မြင့်အရာရှိများ ဘက်ပြောင်းခိုလှုံတဲ့ဖြစ်ရပ်မှာ ရှားပါးပါတယ်။

(နယ်စပ်မှာ စောင့်ကြပ်နေသည့် မြောက်ကိုရီးယားစစ်သားတစ်ဦး) (Photo: BBC)

မြောက်ကိုရီးယားကနေ တောင်ကိုရီးယားဘက်သို့ ထွက်ပြေးပြီး ဘက်ပြောင်းခိုလှုံရန်မှာလည်း မလွယ်ကူလှပါဘူး။ မြောက်ကိုရီယားအများစုအတွက် တောင်ကိုရီယားဘက်သို့ ထွက်ပြေးလွတ်မြောက်ရန် လက်နက်ကိုင်အစောင့်အကြပ် ထူထပ်စွာချထားတဲ့ နယ်စပ်ကိုဖြတ်ကျော်ရမှာဖြစ်ပြီး ထိုသို့မဟုတ်ပါက တရုတ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ရန် ကြိုးပမ်းကြရပါတယ်။ တရုတ်နိုင်ငံကို ဖြတ်ကျော်ရောက်ရှိပါက မြောက်ကိုရီးယားသို့ ပြန်ပိုခံရမယ့် အန္တရာယ်ရှိကြောင်းလည်း သိရပါတယ်။



က္က