ကျန်းမာရေးစည်းမျဥ်းများ လိုက်နာရေးကို အစိုးရက ကြပ်မတ်ဆောင်ရွက်သင့်ကြောင်း ပြောဆိုမှုတွေ ရှိနေပါတယ်။

အရှေ့တောင်အာရှဒေသတွင်း COVID-19 ကူးစက်မှုနဲ့သေဆုံးမှု အများဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ ယနေ့ (ဇန်နဝါရီ ၂၆ ရက်) ထုတ်ပြန်ချက်အရ ကူးစက်ခံရသူ ၁ သန်းကျော်လွန်ပြီဖြစ်ကြောင်း သိရပါတယ်။

(Photo: Reuters)

လူဦးရေ သန်း ၂၇၀ ကျော်ရှိတဲ့ အင်ဒိုနီးရှားဟာ ယမန်နှစ် မတ်လကတည်းက COVID-19 ကပ်ရောဂါ ကူးစက်မှုထိန်းချုပ်ရေး ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။ ယနေ့ စာရင်းတွေအရ အင်ဒိုနီးရှားမှာ ကူးစက်ခံရသူ နောက်ထပ် ၁၃,၀၉၄ ဦး တိုးလာခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူဦးရေ ၁,၀၁၂,၃၅၀ ဦးရှိလာခဲ့ကြောင်း COVID-19 တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့က ပြောပါတယ်။ ထို့အတူ ကပ်ရောဂါကြောင့် သေဆုံးသူ ၃၃၆ ဦး တိုးလာခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက် ၂၈,၄၆၈ ဦး ဖြစ်လာခဲ့ပါတယ်။



အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှဒေသတွင်း နိုင်ငံအများအနက် ကူးစက်ခံရသူ ၁ သန်းကျော်လွန်ခဲ့တဲ့ ပထမဆုံးနိုင်ငံလည်း ဖြစ်လာကြောင်း သိရပါတယ်။ ကျန်းမာရေးကျွမ်းကျင်သူတွေက အင်ဒိုနီးရှားမှာ COVID-19 ကူးစက်ပျံ့နှံ့မှုဟာ အစိုးရက တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းများထက် ပိုများနိုင်ပြီး အခြေအနေ များစွာပိုဆိုးနိုင်ဖွယ်ရှိကြောင်း ယုံကြည်ထားကြပါတယ်။

(Photo: Reuters)

အင်ဒိုနီးရှားအစိုးရက COVID-19 ကာကွယ်ဆေးထိုးနှံမှုများ စတင်ခဲ့ပြီးဖြစ်ပြီး ဆေးရုံတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဖိအားများရှိနေခဲ့ရာ ယခုလအစောပိုင်းမှာ သွားလာလှုပ်ရှားမှု ကန့်သတ်ချက်များ ထုတ်ပြန်ခဲ့ပါတယ်။ အင်ဒိုနီးရှားဟာ အခြားကမ္ဘာ့နိုင်ငံတွေနဲ့ နှိုင်းယှဥ်ပါက ဗိုင်းရပ်စ်စစ်ဆေးမှုနဲ့ ထိတွေ့မှုခြေရာခံမှုတို့ အနည်းဆုံးလုပ်ဆောင်နေခဲ့ကြောင်းလည်း ဝေဖန်ခံနေရပါတယ်။

ကျန်းမာရေးစည်းမျဥ်းများ လိုက်နာကျင့်သုံးရေးကို အစိုးရအနေနဲ့ ထိထိရောက်ရောက် ကြပ်မတ်ဆောင်ရွက်သင့်ကြောင်း ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ "အစိုးရက စည်းမျဥ်းစည်းကမ်းတွေ တင်းတင်းကြပ်ကြပ် လုပ်ဆောင်သင့်တယ်၊ ဘာလို့လဲဆိုတော့ mask မတပ်တဲ့ လူစုလူဝေးတွေ ကျွန်မတို့ တွေ့နေရတုန်းပဲလေ" လို့ အသက် ၄၂ နှစ်အရွယ် ဂျကာတာမြို့ခံ အမျိုးသမီး Sabriyanti က ပြောခဲ့ပါတယ်။

(Photo: Reuters)

အသက် ၂၀ အရွယ် Muhaimin Zega ကလည်း အစိုးရအနေနဲ့ ပြည်သူတွေ နားလည်နိုင်အောင် ရှင်းလင်းတဲ့ စည်းမျဥ်းတွေ ထုတ်ပြန်သင့်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ "ကျွန်တော်တို့ ပြည်သူတွေကိုချည်း အပြစ်ပုံချလို့ မရဘူးဗျ၊ ပြည်သူတွေကိုထိန်းဖို့က အစိုးရရဲ့ တာဝန်ပဲလေ" လို့ ၎င်းက ပြောခဲ့ပါတယ်။ အစိုးရရဲ့ COVID-19 ကပ်ရောဂါ တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့မှ ပြောခွင့်ရအမျိုးသား Reisa Broto Asmoro ရဲ့ အဆိုအရ အင်ဒိုနီးရှားမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ အပြည့်အဝ နေပြန်ကောင်းသွားကြပြီလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က