ကူးစက်ခံရမှုအန္တရာယ်မြင့်မားကြောင်း ယူဆရသူတွေကို စအိုကနေ ဓာတ်ခွဲနမူနာများရယူပြီး ဗိုင်းရပ်စ်စစ်ဆေးနေပါတယ်။

တရုတ်နိုင်ငံမှာ COVID-19 ကူးစက်ခံရမှုအန္တရာယ်မြင့်မားကြောင်း ယူဆရသူတွေကို စအိုကနေ ဓာတ်ခွဲနမူနာများရယူပြီး ဗိုင်းရပ်စ်စစ်ဆေးမှုများ စတင်လုပ်ဆောင်နေပြီလို့ အစိုးရပိုင် ရုပ်မြင်သံကြားသတင်းဌာနက ပြောပါတယ်။

(Photo: AFP)

အနှောင့်အယှက်ဖြစ်စရာ အဆိုပါ ဗိုင်းရပ်စ်စစ်ဆေးမှုနည်းလမ်းအပေါ် ဆိုရှယ်မီဒီယာ အသုံးပြုသူတွေနဲ့ ခရီးသွားတွေကြားမှာ ရှက်စရာအဖြစ် ပြောဆိုနေကြပါတယ်။ ဆရာဝန်တွေကတော့ ထိုနည်းလမ်းဟာ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရာမှာ ပိုမိုထိရောက်တယ်လို့ ဆိုပါတယ်။ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဘေဂျင်းမြို့မှာ COVID-19 ကူးစက်မှုတွေ့ခဲ့ရတဲ့ ရပ်ကွက်များမှာ နေထိုင်ကြသူတွေထံမှ ထိုနည်းလမ်းဖြင့် ဓာတ်ခွဲနမူနာများ ရယူခဲ့ကြောင်း CCTV သတင်းက ပြောပါတယ်။



ထို့အတူ အသွားအလာကန့်သတ်ထားရှိတဲ့ နေရာများမှာလည်း စအိုကနေ ဓာတ်ခွဲနမူနာရယူပြီး ဗိုင်းရပ်စ်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်မြောက်ပိုင်းရှိ မြို့တွေမှာ လတ်တလော သီတင်းပတ်များအတွင်း ပြည်တွင်းကူးစက်မှု အနည်းအကျဥ်း တွေ့ရှိနေရပါတယ်။

(Photo: Li Hao/Global Times)

တရုတ်အာဏာပိုင်တွေက ထိုမြို့များကို နိုင်ငံရဲ့ အခြားနေရာများနဲ့ ကူးသန်းသွားလာမှုများ ပိတ်ပင်ထားခဲ့ပြီး လူအစုအပြုံလိုက် COVID-19 စစ်ဆေးမှုတွေ လုပ်ဆောင်နေခဲ့ပါတယ်။ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရှိ မရှိ စစ်ဆေးရာမှာ လိုအပ်တဲ့ ဓာတ်ခွဲနမူနာကို လက်ရှိအချိန်အထိ အများအားဖြင့် လည်ချောင်းနဲ့ နှာခေါင်းထဲမှ ရယူနေကြတာ ဖြစ်ပါတယ်။

သို့သော် စအိုကနေ ဓာတ်ခွဲနမူနာရယူစစ်ဆေးတဲ့ နည်းလမ်းက ကူးစက်ခံရသူတွေကို ရှာဖွေတွေ့ရှိမှုနှုန်း မြင့်တက်နိုင်ကြောင်းနဲ့ ဗိုင်းရပ်စ်သဲလွန်စတွေဟာ အသက်ရှူလမ်းကြောင်းမှာထက် စအိုထဲမှာ အချိန်ပိုမိုရှည်ကြာရှိနေကြောင်း ဘေဂျင်းမြို့ You'an ဆေးရုံမှ ဆရာဝန် Li Tongzeng က ပြောပါတယ်။

(Photo: Noel Celis/AFP)

တရုတ်နိုင်ငံမှ Weibo အသုံးပြုသူတွေကတော့ ထိုနည်းလမ်းဖြင့် COVID-19 စစ်ဆေးမှုကို ဟာသအဖြစ်နဲ့ ရွံရှာစရာအဖြစ် ဝေဖန်ပြောဆိုနေကြတယ်လို့ ဆိုပါတယ်။ "တော်သေးတာပေါ့၊ ငါ တရုတ်ကို စောစော ပြန်လာခဲ့လို့ ကံကောင်းသွားတယ်" လို့ Weibo သုံးသူတစ်ဦးက ပြောပါတယ်။ စအိုကနေ ဓာတ်ခွဲနမူနာရယူမှုဟာ အဆင်မပြေတာကြောင့် အခြား နည်းလမ်းတွေကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသွားမှာ မဟုတ်ဘူးလို့ CCTV က တနင်္ဂနွေနေ့ (ဇန်နဝါရီ ၂၄ ရက်) မှာ ဖော်ပြခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ COVID-19 ကူစက်မှုတွေ မြင့်တက်နေရာ တရုတ်အစိုးရက နိုင်ငံတကာမှ ရောက်ရှိလာသူတွေကို လိုအပ်ချက်များ ပိုမိုတင်းကြပ်သတ်မှတ်ထားပြီး ပြည်တွင်းကူးစက်မှု လုံးဝ မရှိစေရန် ဆောင်ရွက်နေပါတယ်။ တရုတ်ကိုရောက်ရှိလာသူတွေဟာ COVID-19 ကင်းရှင်းကြောင်း စစ်ဆေးမှုရလဒ်များ ပြသရမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ ဟိုတယ်မှာ ၁၄ ရက်ကြာ အသွားအလာကန့်သတ် နေထိုင်ကြရမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က