ဂျပန်မှာ ကူးစက်မှုမြင့်တက်နေမှုကြောင့် တိုကျိုနဲ့ အခြား စီရင်စုတွေကို အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။
Ko John

ဂျပန်မှာ COVID-19 ကူးစက်ပျံ့နှံ့မှုထိန်းချုပ်‌ရေး မလိုအပ်ဘဲ အပြင်မထွက်ရန် အစိုးရက တိုက်တွန်းထားပေမဲ့ အာဏာရညွှန့်ပေါင်းအဖွဲ့မှ လွှတ်တော်အမတ်များ နိုက်ကလပ်သွားခဲ့တာကြောင့် ဝန်ကြီးချုပ်ယိုရှိဟီဒါဆူဂါက ဇန်နဝါရီ ၂၇ ရက်နေ့မှာ တောင်းပန်ခဲ့ပါတယ်။

(Photo: Reuters)

လွှတ်တော်အမတ်များ နိုက်ကလပ်သွားတဲ့ သတင်းဟာ ကပ်ရောဂါကို တုံ့ပြန်ဆောင်ရွက်ရာမှာ ပြည်သူလူထုက ကျေနပ်မှုမရှိတဲ့ အခြေအနေ ရင်ဆိုင်နေရသူ ဝန်ကြီးချုပ်ဆူဂါအတွက် နောက်ထပ် ခေါင်းကိုက်စရာဖြစ်လာခဲ့ပါတယ်။ ဝန်ကြီးချုပ်ဆူဂါ အစိုးရရဲ့ COVID-19 တုံ့ပြန်ဆောင်ရွက်မှုဟာ နှေးကွေးလွန်းကြောင်း ‌ဝေဖန်ခံနေခဲ့ရပါတယ်။



"ကျွန်တော်တို့က ပြည်သူတွေကို ည ၈ နာရီနောက်ပိုင်း အိမ်ပြင်မထွက်ကြဖို့နဲ့ မလိုအပ်ဘဲ၊ အရေးတကြီးမဟုတ်ဘဲ အိမ်ပြင်မထွက်ကြဖို့ ပြောထားချိန်မှာ ဒီလိုဖြစ်သွားတဲ့အတွက် ကျွန်တော် အလွန်စိတ်မကောင်းပါဘူး၊ လွှတ်တော်အမတ်တစ်ယောက်စီတိုင်းက ပြည်သူလူထု အသိအမှတ်ပြုမှုရရှိအောင် ပြုမူနေထိုင်သင့်ပါတယ်" လို့ ဝန်ကြီးချုပ်ဆူဂါက ပြောခဲ့ပါတယ်။

(Photo: Reuters)

ဂျပန်နိုင်ငံမှာ COVID-19 ကူးစက်မှုများ သိသာစွာမြင့်တက်လာမှုကြောင့် ယခုလအတွင်း တိုကျိုနဲ့ အခြား စီရင်စုတွေကို အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။ အရေးပေါ်အခြေအနေ ကြေညာထားမှုအရ စားသောက်ဆိုင်နဲ့ ဘားဆိုင်တွေကို ည ၈ နာရီမှာပိတ်ရန် ပန်ကြားထားခဲ့ပါတယ်။

သို့သော် လတ်တလောမှာ လိုက်နာခြင်းမရှိပါက တစ်စုံတရာ အရေးယူဆောင်ရွက်ခြင်း မရှိဘူးလို့ ဆိုပါတယ်။ "ကျွန်တော်တို့က ပြည်သူတွေကို သည်းခံကြဖို့ ပြောနေချိန်မှာ ကျွန်တော့်ရဲ့ အပြုအမူက သတိမမူဘဲဖြစ်သွားခဲ့ပါတယ်" လို့ နိုက်ကလပ်သွားခဲ့တဲ့ အာဏာရ Liberal Democratic ပါတီမှ လွှတ်တော်အမတ် ဂျွန်မတ်ဆူမိုတိုက သတင်းထောက်တွေကို ပြောပါတယ်။

(Photo: AP)

လွှတ်တော်အမတ် မတ်ဆူမိုတိုဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ (ဇန်နဝါရီ ၂၅ ရက်) မှာ အီတလီ စားသောက်ဆိုင်တစ်ဆိုင်မှာ ညစာစားပြီးနောက် တိုကျိုမြို့ရှိ လူကုံထံ Ginza အရပ်ရှိ နိုက်ကလပ်နှစ်ခုသို့ သွားရောက်ခဲ့ကြောင်း Daily Shincho သတင်းမဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။ Daily Shincho က ထိုသတင်းကို ဖော်ပြခဲ့ပြီးနောက် လွှတ်တော်အမတ် မတ်ဆူမိုတိုက သတင်းထောက်တွေနဲ့ တွေ့ဆုံကာ တောင်းပန်းစကားပြောခဲ့တာ ဖြစ်ပါတယ်။

ထို့အတူ အာဏာရညွှန့်ပေါင်းအဖွဲ့မှာပါဝင်တဲ့ Komeito ပါတီမှ လွှတ်တော်အမတ် ကီယိုဟီကိုတိုယာမာကလည်း ပြီးခဲ့တဲ့ သောကြာနေ့ (ဇန်နဝါရီ ၂၂ ရက်) မှာ Giknza မှာရှိတဲ့ နိုက်ကလပ်တစ်ခုသို့ သွားရောက်ခဲ့ပြီး ညနှောင်းပိုင်းအထိ ရှိနေခဲ့တယ်လို့ Shukan Bunshun သတင်းမဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။ လွှတ်တော်အမတ် ကီယိုဟီကိုတိုယာမာဟာလည်း ၎င်းရဲ့အပြုအမူအတွက် တောင်းပန်းခဲ့တယ်လို့ ဆိုပါတယ်။ Twitter အသုံးပြုတဲ့ ဂျပန်နိုင်ငံသားတွေက လွှတ်တော်အမတ်တွေရဲ့ အပြုအမူကို စိတ်ပျက်ကြောင်း ဝေဖန်ပြောဆိုခဲ့ကြပါတယ်။


Author


က္က