လူ ၁၂ ဦးကို ဆေးရုံတင်ခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
Ko John

အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်ရှိ ကြက်သားထုတ်လုပ်ရေးစက်ရုံတစ်ရုံမှာ နိုက်ထရိုဂျင်အရည် ယိုစိမ့်မှုကြောင့် လူခြောက်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

(Photo: John Bazemore/AP)

ဂျော်ဂျီယာပြည်နယ် Gainesville မြို့ရှိ Foundation Food Group စက်ရုံမှာ ဇန်နဝါရီ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုကြောင့် လူ ၁၂ ဦးကို ဆေးရုံတင်ခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ မတော်တဆမှုဖြစ်တဲ့ ကြက်သားထုတ်လုပ်ရေးစက်ရုံသို့ မီးသတ်သမားများ လာရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။



ဂျော်ဂျီယာဟာ အမေရိကန်မှာ ကြက်သားထုတ်လုပ်မှု အများဆုံးပြည်နယ်တစ်ခုဖြစ်ပြီး Gainesville မြို့မှာ အဓိက ထုတ်လုပ်နေပါတယ်။ ထိုမြို့ရှိ ကြက်သားထုတ်လုပ်ရေး စက်ရုံတွေမှာ လူဦးရေ ထောင်နဲ့ချီရှိကြောင်းလည်း သိရပါတယ်။ ယခင်က Prime Pak Foods အမည်ဖြင့် သိထားခဲ့ကြတဲ့ ကြက်သားထုတ်လုပ်ရေးစက်ရုံမှာ ဖြစ်ပွားခဲ့တဲ့ နိုက်ထရိုဂျင်အရည် ယိုစိမ့်မှုဖြစ်ရတဲ့ အကြောင်းရင်းကို တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေပါတယ်။

(Photo: Elijah Nouvelage/AP/Getty Images)

ယမန်နေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၁၂ မိနစ်မှာ ထိုစက်ရုံကနေ မီးသတ်အရေးပေါ်ဌာနသို့ မတော်တဆမှုဖြစ်ပွားကြောင်း ဆက်သွယ်အကြောင်းကြားခဲ့တယ်လို့ Hall County Fire Department အကြီးအကဲ Zach Brackett က ပြောပါတယ်။ စက်ရုံသို့ မီးသတ်သမားများ ရောက်ရှိသွားခဲ့ပြီးနောက် လူ ၁၃၀ ကို ခရစ်ယာန်ဘုရားကျောင်းတစ်ခုသို့ ရွှေ့ပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

စက်ရုံမှာ နိုက်ထရိုဂျင်အရည် ယိုစိမ့်မှုကြောင့် လူငါးဦး အခင်းဖြစ်နေရာမှာပင် သေဆုံးခဲ့ပြီး နောက်တစ်ဦးမှာ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ပါတယ်။ မတော်တဆမှုအတွင်း မီးသတ်သမားသုံးဦး အပါအဝင် အလူအများအပြားဟာ အသက်ရှူရခက်ခဲခြင်းကဲ့သို့ ပြဿနာများဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဆေးရုံရောက်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ဆေးရုံကနေ ပြန်နိုင်ခဲ့ပါတယ်။

(Photo: Scott Rogers/The Times/AP)

ပဏာမ စုစမ်းစစ်ဆေးမှုအရ စက်ရုံအတွင်းရှိ နိုက်ထရိုဂျင်အရည်ပိုက်လိုင်း ပေါက်ကွဲသွားမှုကြောင့် ယခုကဲ့သို့ ဝမ်းနည်းစရာ မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း Foundation Food Group ကိုယ်စားလှယ်က ပြောပါတယ်။ မတော်တဆမှုကြောင့် သေဆုံးခဲ့သူတွေအနက် ပြုပြင်ထိန်းသိမ်းရေးဌာန၊ ကြီးကြပ်ရေးဌာနဲ့ စီမံခန့်ခွဲရေးဌာနမှ ဝန်ထမ်းများပါဝင်ခဲ့ကြောင်း စက်ရုံရဲ့ ပြောခွင့်ရအမျိုးသား Nicholas Ancrum က ဆိုပါတယ်။

နိုက်ထရိုဂျင်ကို အအေးခံစနစ်များမှာ အသုံးပြုလေ့ရှိပြီး လေထဲမှာ အနံ့မရနိုင်ဘူးလို့ သိရပါတယ်။ နိုက်ထရိုဂျင်ဓာတ်ငွေ့ကို ရှူရှိုက်မိပါက အဆုတ်ထဲရှိ အောက်စီဂျင်ကို ဖယ်ရှားပစ်တာကြောင့် အသက်ရှူကြပ်ပြီး သေဆုံးစေနိုင်ပါတယ်။ အမေရိကန်မှာ ၂၀၁၂ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ နိုက်ထရိုဂျင်နဲ့ ဆက်နွယ်နေတဲ့ အသက်ရှူကြပ်မှုကြောင့် အလုပ်သမား ၁၄ ဦး သေဆုံးခဲ့ကြောင်း AFP သတင်းဌာနက ကိုးကားဖော်ပြတဲ့ ကိန်းဂဏန်းတွေအရ သိရှိရပါတယ်။


Author


က္က