တစ်လလျှင် AstraZeneca ကာကွယ်ဆေး အလုံးရေ ၁၈ သန်းအထိထုတ်လုပ်ရန် ရည်ရွယ်ထားပါတယ်။

ထိုင်းနိုင်ငံက ဗြိတိန်မှ COVID-19 ကာကွယ်ဆေး AstraZeneca ကို ပြည်တွင်းစက်ရုံမှာထုတ်လုပ်ပြီး လာမယ့် ဇွန်လအတွင်း အများပြည်သူအားထိုးပေးရန် စီစဥ်ထားကြောင်း သိရပါတယ်။

(Photo: Reuters)

ထိုင်းနိုင်ငံမှာ AstraZeneca ကာကွယ်ဆေးကို တစ်လလျှင် အလုံးရေ ၁၈ သန်းအထိ ထုတ်လုပ်သွားရန် ရည်ရွယ်ထားတယ်လို့ အကြီးတန်း အစိုးရအရာရှိတစ်ဦးက ယမန်နေ့ (ဇန်နဝါရီ ၂၉ ရက်) မှာ ပြောခဲ့ပါတယ်။ ထိုင်းမှာထုတ်လုပ်တဲ့ အဆိုပါကာကွယ်ဆေးကို AstraZeneca ကုမ္ပဏီနဲ့ သဘောတူညီမှုအရ ထိုင်းနိုင်ငံသားတွေအတွက် မည်မျှအသုံးပြုပြီး အခြား အရှေ့တောင်အာရှ နိုင်ငံများသို့ မည်မျှတင်ပို့သွားမယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။



AstraZeneca ကာကွယ်ဆေးကို ထိုင်းဘုရင်ရဲ့ စီးပွားရေးလုပ်ငန်းစုတွေအောက်မှ ပြည်တွင်းကုမ္ပဏီ Siam Bioscience က ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ထုတ်လုပ်တဲ့ AstraZeneca ကာကွယ်ဆေး ပထမဆုံးအသုတ်ဟာ မေလကုန်မှာ အပြီးသတ်မယ်လို့ National Vaccine Institute အကြီးအကဲ Nakorn Premsri က သတင်းထောက်တွေကို အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။

(Photo: Reuters)

"ဇွန်လထဲမှာ စက်ရုံစမ်းသပ်အဆင့် ကာကွယ်ဆေး ပထမအသုတ် ထွက်ရှိလာမှာပါ" လို့ ၎င်းကဆိုပါတယ်။ Siam Bioscience ကို ကာကွယ်ဆေးထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး ယမန်နှစ် ဒီဇင်ဘာလအတွင်း ငါးရက်ကြာ အကဲဖြတ်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ ထို့အတူ Siam Bioscience က ထုတ်လုပ်လိုက်တဲ့ ကာကွယ်ဆေးအားလုံးကိုလည်း အရည်အသွေးစစ်ဆေးသွားမယ်လို့ AstraZeneca က ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ကာကွယ်ဆေးရရှိရန် အလုအယက်ကြိုးပမ်းနေကြစဥ် ထိုင်းနိုင်ငံအနေနဲ့ ကိုယ်ပိုင် ကာကွယ်ဆေးထောက်ပံ့ပေးနိုင်မှု သေချာစေရန် ပြည်တွင်းမှာ ကာကွယ်ဆေးထုတ်လုပ်ရေး အစီအစဥ်ကို ရွေးချယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း Nakorn Premsri က ပြောပါတယ်။ ထိုင်းနိုင်ငံက ကာကွယ်ဆေးထုတ်လုပ်ရေး ဗြိတိန်ကုမ္ပဏီ AstraZeneca နဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း သဘောတူစာချုပ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။

(Photo: Reuters)

ထိုင်းအစိုးရက နိုင်ငံရဲ့လူဦးရေ ၃၀.၅ သန်း သို့မဟုတ် အရွယ်ရောက်ပြီး လူဦးရေရဲ့ထက်ဝက်ကျော်အတွက် ပြည်တွင်းမှာထုတ်လုပ်တဲ့ AstraZeneca ကာကွယ်ဆေး ၆၁ သန်းကို ကြိုတင်မှာကြားထားပါတယ်။ AstraZeneca ကာကွယ်ဆေးဟာ နှစ်ကြိမ်ထိုးရန်လိုအပ်တာဖြစ်ပြီး ထိုင်းနိုင်ငံမှာ အသက် ၁၈ နှစ်အောက်နဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို ထိုးပေးမှာမဟုတ်ပါဘူး။

လာမယ့်ဇွန်လအထိိုင်းနိုင်ငံက ပြည်ပမှတင်သွင်းတဲ့ COVID-19 ကာကွယ်ဆေးတွေကို အသုံးပြုသွားမယ်လို့ ဆိုပါတယ်။ ထိုင်းအစိုးရဟာ COVID-19 ကာကွယ်ဆေးအစီအစဉ် ဆောင်ရွက်ရာမှာ နှေးကွေးကြောင်းနဲ့ ပွင့်လင်းမြင်သာမှုမရှိကြောင်းအတိုက်အခံတွေက ဝေဖန်မှုများရှိနေခဲ့ပါတယ်။

ထိုင်းက ဝယ်ယူထားတဲ့ AstraZeneca ကာကွယ်ဆေး ပထမအသုတ် ၅၀,၀၀၀ ဟာ ဖေဖေါ်ဝါရီလအတွင်း ရောက်ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။ နောက်ထပ် လအနည်းငယ်အတွင်း AstraZeneca ကာကွယ်ဆေး ၁၀၀,၀၀၀ လက်ခံရရှိမယ်လို့ ထိုင်းအစိုးရက ခန့်မှန်းထားပါတယ်။ သို့သော် ဥရောပမှာ AstraZeneca ကာကွယ်ဆေးထောက်ပံ့မှု ပြဿနာများရှိနေတာကြောင့် ထိုင်းနိုင်ငံက ကာကွယ်ဆေးရရှိမှုဟာ နှောင့်နှေးနိုင်ကြောင်း ကျန်းမာရေးဝန်ကြီး Anutin Charnvirakul က ယမန်နေ့မှာ ပြောခဲ့ပါတယ်။

(Photo: Chula VRC)

ထိုင်းနိုင်ငံက တရုတ်ကုမ္ပဏီ Sinovac Biotech ရဲ့ COVID-19 ကာကွယ်ဆေး ၂ သန်းကိုလည်း ကြိုတင်ဝယ်ယူထားပြီး ပထမအသုတ် ၂၀၀,၀၀၀ ကို ဖေဖေါ်ဝါရီလအတွင်း လက်ခံရရှိမယ်လို့ သိရပါတယ်။ Sinovac ကာကွယ်ဆေးကို ဆေးဝါးကွပ်ကဲရေးအဖွဲ့က တရားဝင် ခွင့်ပြုချက်မပေးထားသေးဘူးလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ ပြည်တွင်းမှာ ဖော်စပ်ထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေးအဖြစ် ChulaCov19 အမည်ဖြင့် ကာကွယ်ဆေးကိုလည်း Chulalongkorn တက္ကသိုလ်ရဲ့ ဆေးပညာဌာနက ထုတ်လုပ်နေကြောင်း သိရပါတယ်။ ထိုင်းမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၁၇,၀၂၃ ဦးနဲ့ သေဆုံးသူ ၇၆ ဦးရှိခဲ့ပါတယ်။



က္က