ဒီမိုကရေစီနည်းလမ်းတကျ ဖြေရှင်းဖို့လည်း တိုက်တွန်းထားပါတယ်။
Ei Ei Mar

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားတဲ့ အစိုးရအဖွဲ့ဝင်များကို ပြန်လွှတ်ပေးဖို့နဲ ဒီမိုကရေစီနည်းလမ်းတကျ ဖြေရှင်းဖို့ အမေရိကန်သမ္မတရုံးက ယနေ့မှာ ချက်ချင်း တုံ့ပြန်သတိပေးလိုက်ပါတယ်။

"မကြာသေးမီက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို ပြင်ဆင်ရန်ကြိုးစားခြင်း (ဒါမှမဟုတ်) မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကူးပြောင်းမှုကို ကြန့်ကြာအောင်ကြိုးစားခြင်းကို အမေရိကန်ပြည်ထောင်စုက ကန့်ကွက်ပါတယ်။ အဲဒီလုပ်ရပ်တွေကို မပြောင်းလဲဘူးဆိုရင် တာဝန်ရှိသူတွေကို အရေးယူဆောင်ရွက်သွားမှာပါ" လို့ အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Jen Psaki က ပြောကြားခဲ့ပါတယ်။



အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Jen Psaki / ဓာတ်ပုံ - AP

"ဒီမိုကရေစီနည်းလမ်းတွေကို စောင့်ထိန်းလိုက်နာပေးဖို့ ဒီနေ့ဖမ်းဆီးလိုက်သူတွေအားလုံးကို ပြန်လွှတ်ပေးဖို့ စစ်တပ်နဲ့ တခြားပါတီများကို တိုက်တွန်းပါတယ်" လို့ သူမက ဆက်လက်ပြောကြားခဲ့ကြောင်း CNA သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ယနေ့မနက်ပိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတနဲ့ NLD အစိုးရအဖွဲ့ဝင်များကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ကြားသိရပြီးတဲ့နောက် အမေရိကန်သမ္မတရုံးက အခုလို ထုတ်ပြန်ကြေညာလိုက်ပါတယ်။

လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံကို အရေးအပေါ်အခြေအနေအဖြစ် တစ်နှစ်သတ်မှတ်လိုက်ပြီး နိုင်ငံရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာတို့ကို တပ်မတော်ကာကွယ်‌ရေး ဦးစီးချုပ်ကို အပ်နှံလိုက်ကြောင်း ကြေညာချက်ကို MWD ရုပ်သံလိုင်းမှတစ်ဆင့် ကြေညာလိုက်တာဖြစ်ပါတယ်။ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် တာဝန်ယူကာ အဆိုပါကြေညာချက်ကို ထုတ်ပြန်ကြေညာလိုက်တာလည်းဖြစ်ပါတယ်။


Author


က္က