ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားခေါင်းဆောင်တွေကို ချက်ချင်း ပြန်လွှတ်ပေးရန် ဩစတြေးလျအစိုးရက တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားခေါင်းဆောင်တွေကို ချက်ချင်း ပြန်လွှတ်ပေးရန် ဩစတြေးလျအစိုးရက တပ်မတော်ကို ယနေ့ (ဖေဖေါ်ဝါရီ ၁ ရက်) တောင်းဆိုလိုက်ပါတယ်။

(Photo: Thet Aung/AFP)

"အငြင်းပွားမှုတွေကို ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဖြေရှင်းရန်နဲ့ အရပ်သားအစိုးရခေါင်းဆောင်တွေနဲ့ အခြား ထိန်းသိမ်းခံထားရသူတွေကို ချက်ချင်းပြန်လွှတ်ဖို့ တပ်မတော်ကို ကျွန်တော်တို့ တောင်းဆိုပါတယ်" လို့ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။



နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ဟာ ယနေ့ မနက်အစောပိုင်းမှာ ထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဩစတြေးလျကဲ့သို့ပင် အမေရိကန်နိုင်ငံကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားတဲ့ အစိုးရအဖွဲ့ဝင်များကို ပြန်လွှတ်ပေးဖို့နဲ ဒီမိုကရေစီနည်းလမ်းတကျ ဖြေရှင်းရန် ချက်ချင်း တောင်းဆိုခဲ့ပါတယ်။

(Photo: AFP)

ထိုအတောအတွင်း စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ အပါအဝင် အရပ်သားအစိုးရခေါင်းဆောင်များ ထိန်းသိမ်းခံရပြီးနောက် မြန်မာနိုင်ငံရဲ့ ယခုနောက်ဆုံး အခြေအနေကို စိုးရိမ်ကြောင်း၊ အနီးကပ် စောင့်ကြည့်နေကြောင်း၊ ဆွေးနွေးညှိနှိုင်းပြီး အကောင်းဘက်သို့ဦးတည်ကာ ငြိမ်းချမ်းတဲ့ရလဒ် ထွက်ပေါ်လာရန် မျှော်လင့်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိခဲ့ပြီးနောက် တပ်မတော်က မဲမသမာမှုဖြစ်နိုင်တဲ့ မဲစာရင်းများကိစ္စကို ဖြေရှင်းပေးရန် ရွေးကောက်ပွဲကော်မရှင်ကို အစဥ်တစိုက် တောင်းဆိုနေခဲ့ပါတယ်။ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြမယ့် လွှတ်တော်အစည်းအဝေး စတင်ကျင်းပမယ့် ယနေ့ မနက်အစောပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သားအစိုးရအဖွဲ့ဝင်တွေကို ထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။

(Photo: Reuters)

ထို့နောက် နာရီပိုင်းအတွင်းမှာပင် နိုင်ငံတာ်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာသုံးရပ်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အပ်နှင်းလိုက်ကြောင်း တပ်မတော်ရုပ်မြင်သံကြားသတင်းဌာန မြဝတီက ထုတ်ပြန်ခဲ့ပါတယ်။

နောက်ဆုံးသတင်းတွေအရ အရေးပေါ်ဆိုင်ရာပြဌာန်းချက်တွေကို ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးသွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားကြောင်း မြန်မာ့ရုပ်မြင်သံကြားသတင်းဌာနက ကြေညာပါတယ်။

(Photo: Reuters)

ထိုရွေးကောက်ပွဲပြန်ကျင်းပပြီး အနိုင်ရရှိတဲ့ နိုင်ငံရေးပါတီကို နိုင်ငံတော်တာဝန် လွှဲပြောင်းပေးသွားမယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲမှာ မဲစာရင်းတွေမှားယွင်းနေခြင်း၊ မဲစာရင်းပြဿနာများကို ဖြေရှင်းပေးရန်ငြင်းပယ်ခြင်း အပါအဝင် လွှတ်တော်အစည်းအဝေးများကို ရွေ့ဆိုင်းပေးရန် တပ်မတော်က တောင်းဆိုမှုကို လက်မခံခြင်းတို့ကြောင့် ထို့သို့ ဆောင်ရွက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ မဲစာရင်းများ စစ်ဆေးအတည်ပြုခြင်းကို ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အာဏာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲပြောင်းပေးအပ်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ဆက်တွဲသတင်းအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းကာ မဲစာရင်းစစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်တာတွေကို ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့ကြောင်းလည်း သိရပါတယ်။



က္က