တပ်မတော်က ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် အခြားခေါင်းဆောင်တွေကို ထိန်းသိမ်းခဲ့ပါတယ်။
Ko John

မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာသုံးရပ်ကိုရယူလိုက်ပြီး ဒီမိုကရေစီနည်းလမ်းအရ ရွေးကောက်ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းခဲ့ပြီးနောက် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေနဲ့ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းကြရန် တရုတ်အစိုးရက ယနေ့ (ဖေဖေါ်ဝါရီ ၁ ရက်) တောင်းဆိုလိုက်ပါတယ်။

(Photo: Reuters)

"တရုတ်က မြန်မာရဲ့ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းဖြစ်ပြီး မြန်မာမှာရှိတဲ့ အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ သဘောထားကွဲလွဲမှုများကို နိုင်ငံရေးနဲ့ လူမှုအဖွဲ့အစည်းတည်ငြိမ်မှု ကာကွယ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တရားဝင် မူဘောင်များအရ သင့်လျော်စွာ ဖြေရှင်းကြမယ်လို့ မျှော်လင့်ပါတယ်" လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Wang Wenbin က သတင်းစာရှင်းလင်းပွဲတစ်ရပ်မှာ ပြောခဲ့ပါတယ်။



မြန်မာနိုင်ငံဟာ တရုတ်ရဲ့ ပိုးလမ်းမစီမံကိန်းမှာ အရေးပါတဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်နေပါတယ်။ ပိုးလမ်းမဟာ တရုတ်သမ္မတရှီကျင့်ဖျင် မျှော်မှန်းထားတဲ့ အမေရိကန်ဒေါ်လာ ၁ ထရီလီယံတန် အာရှ၊ အာဖရိနဲ့ ဥရောပတစ်လွှား ရေလမ်းကြောင်း၊ ရထားနဲ့ ကားလမ်း စီမံကိန်းဖြစ်ပြီး ယူနန်ပြည်နယ်ကနေ မြန်မာအနောက်ဘက်ကမ်းရိုးတန်းကို ဆက်သွယ်ထားတဲ့ ဒေါ်လာ ၈.၉ ဘီလီယံတန် မြန်နှုန်းမြင့် ရထားလမ်းလည်း ပါဝင်နေပါတယ်။

(Photo: Xinhua)

တရုတ်သမ္မတရှီကျင့်ဖျင်ဟာ ယမန်နှစ် ဇန်နဝါရီလအတွင်း နှစ်နိုင်ငံဆက်ဆံ‌ရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံကိုလာရောက်ခဲ့ပါတယ်။ ထိုစဥ်က သမ္မတဦးဝင်းမြင့်နဲ့ တွေ့ဆုံခဲ့စဥ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး မြန်မာအစိုးရနဲ့ ပြည်သူတွေကို အခိုင်အအမာ အားပေးကူညီသွားမယ်လို့ ရှီကျင့်ဖျင်က ကတိပြုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ရွေးကောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြမယ့် လွှတ်တော်အစည်းအဝေးများ မစတင်မီ ယနေ့ မနက်အစောပိုင်းမှာ တပ်မတော်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် အခြားခေါင်းဆောင်တွေကို ထိန်းသိမ်းခဲ့ပြီးနောက် နိုင်ငံတော်အာဏာသုံးရပ်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အပ်နှင်းလိုက်ပြီး နိုင်ငံမှာ တစ်နှစ်ကြာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။

(Photo: Soe Zeya Tun/Reuters)

အရေးပေါ်အခြေအနေပြဌာန်းချက်များ စီမံဆောင်ရွက်ပြီးနောက် လွတ်လပ်ပြီး တရားမျှတဲ့ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးကာ အနိုင်ရပါတီကို နိုင်ငံတော်တာဝန် လွှဲပြောင်းပေးသွားမယ်လို့ တပ်မတော်ကဆိုပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းတွေမှားယွင်းနေခြင်း၊ မဲစာရင်းပြဿနာများကို ဖြေရှင်းပေးရန်ငြင်းပယ်ခြင်း အပါအဝင် လွှတ်တော်အစည်းအဝေးများကို ရွေ့ဆိုင်းပေးရန် တပ်မတော်က တောင်းဆိုမှုကို လက်မခံခြင်းတို့ကြောင့် ထို့သို့ ဆောင်ရွက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

မဲစာရင်းများ စစ်ဆေးအတည်ပြုခြင်းကို ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အာဏာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲပြောင်းပေးအပ်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ဆက်တွဲသတင်းအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းကာ မဲစာရင်းစစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်တာတွေကို ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့ကြောင်းလည်း သိရပါတယ်။


Author


က္က