အဖွဲ့ဝင်နိုင်ငံတွေမှာ နိုင်ငံရေးတည်ငြိမ်မှုဟာ အာဆီယံဒေသတွင်း ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနဲ့ ကြွယ်ဝချမ်းသာမှုရရှိရန် မရှိမဖြစ် အခြေခံလိုအပ်ချက်ဖြစ်ကြောင်း ပြောထားပါတယ်။
Ko John

အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ဘရူနိုင်းနိုင်ငံက မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းများကြား ဆွေးနွေးညှိနှိုင်းရေးနဲ့ ပြန်လည်သင့်မြတ်‌ရေး ယနေ့ (ဖေဖေါ်ဝါရီ ၁ ရက်) တိုက်တွန်းလိုက်ပါတယ်။

(Photo: ဆူးနစ် - NPT)

ယနေ့ မနက်အစောပိုင်း မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာသိမ်းလိုက်ကာ တစ်နှစ်ကြာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီးနောက် အာဆီယံ (Association of Southeast Asian Nations - ASEAN) အလှည့်ကျဥက္ကဌနိုင်ငံက ထိုသို့ တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။ တပ်မတော်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ အစိုးရအဖွဲ့ဝင်များနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ National League for Democracy - NLD) ရဲ့ အခြားခေါင်းဆောင်တွေကို ထိန်းသိမ်းခဲ့ပါတယ်။



အာဆီယံဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ဘရူနိုင်းရဲ့ထုတ်ပြန်ချက်မှာ "ဆွေနွေးညှိနှိုင်းရေး၊ ပြန်လည်သင့်မြတ်ရေးနဲ့ ပုံမှန်ပြန်ဖြစ်ရေး မြန်မာပြည်သူများရဲ့ ဆန္ဒနဲ့ အကျိုးစီးပွားနဲ့အညီ ကျွန်ုပ်တို့ တိုက်တွန်းအားပေးကြောင်း" ပြောထားပါတယ်။ ထို့အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများက မြန်မာရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်း၊ ဒီမိုကရေစီအခြေခံမူများကို လိုက်နာခြင်း၊ တရားဥပဒေစိုးမိုးမှုနဲ့ ကောင်းမွန်တဲ့အုပ်ချုပ်မှု၊ လူ့အခွင့်အရေးများကို လေးစားကာကွယ်မှုနဲ့ အခြေခံလွတ်လပ်ခွင့် အပါအဝင် အာဆီယံပဋိညာဉ်စာတမ်းမှာပါဝင်တဲ့ ရည်ရွယ်ချက်နဲ့ အခြေခံမူများကို ပြန်လည်အမှတ်ရကြောင်း" အာဆီယံဥက္ကဌထုတ်ပြန်ချက်က ဆိုပါတယ်။

(Photo: Tatmadaw Information Team)

"အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာ နိုင်ငံရေးတည်ငြိမ်မှုဟာ အာဆီယံဒေသတွင်း ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနဲ့ ကြွယ်ဝချမ်းသာမှုရရှိရန် မရှိမဖြစ် အခြေခံလိုအပ်ချက်ဖြစ်ကြောင်း ကျွန်ုပ်တို့ ထပ်လောင်းပြောကြားပါတယ်" လို့ အာဆီယံဥက္ကဌထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ထိုအတောအတွင်း အာဆီယံအဖွဲ့ဝင် အင်ဒိုနီးရှားကလည်း မြန်မာနိုင်ငံအနေနဲ့ အာဆီယံပဋိညာဉ်ရဲ့ အခြေခံမူများကို ဂရုပြုရန် တိုက်တွန်းခဲ့ပါတယ်။

နောက်ထပ် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မလေးရှားက မြန်မာနိုင်မှ အဖွဲ့အစည်းအများအနေနဲ့ ရွေးကောက်ပွဲအငြင်းပွားမှုတွေကို ငြိမ်ချမ်းစွာဖြေရှင်းကြရန် ပြောခဲ့ပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကတော့ မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာသိမ်းမှုဟာ ပြည်တွင်းရေးကိစ္စသာဖြစ်ပြီး မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ပါတယ်။

(Photo: AP)

ထို့အတူ အာဆီယံအဖွဲ့ဝင် ထိုင်းနိုင်ငံမှ ဒုတိယဝန်ကြီးချုပ် Prawit Wongsuwan ကလည်း ကမ္ဘောဒီးယားကဲသို့ပင် ယခုကိစ္စဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးဖြစ်ကြောင်း ပြောခဲ့ပါတယ်။ အာဆီယံအဖွဲ့ဝင် စင်ကာပူနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ အပါအဝင် အရပ်သားအစိုးရခေါင်းဆောင်များ ထိန်းသိမ်းခံရပြီးနောက် မြန်မာနိုင်ငံရဲ့ ယခုနောက်ဆုံး အခြေအနေကို စိုးရိမ်ကြောင်း၊ အနီးကပ် စောင့်ကြည့်နေကြောင်း၊ ဆွေးနွေးညှိနှိုင်းပြီး အကောင်းဘက်သို့ဦးတည်ကာ ငြိမ်းချမ်းတဲ့ရလဒ် ထွက်ပေါ်လာရန် မျှော်လင့်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

(Photo: ဆူးနစ် - NPT)

မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာသိမ်းပြီးနောက် အရေးပေါ်ဆိုင်ရာပြဌာန်းချက်တွေကို ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးသွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားကြောင်း မြန်မာ့ရုပ်မြင်သံကြားသတင်းဌာနက ကြေညာပါတယ်။

ထိုရွေးကောက်ပွဲပြန်ကျင်းပပြီး အနိုင်ရရှိတဲ့ နိုင်ငံရေးပါတီကို နိုင်ငံတော်တာဝန် လွှဲပြောင်းပေးသွားမယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲမှာ မဲစာရင်းတွေမှားယွင်းနေခြင်း၊ မဲစာရင်းပြဿနာများကို ဖြေရှင်းပေးရန်ငြင်းပယ်ခြင်း အပါအဝင် လွှတ်တော်အစည်းအဝေးများကို ရွေ့ဆိုင်းပေးရန် တပ်မတော်က တောင်းဆိုမှုကို လက်မခံခြင်းတို့ကြောင့် ထို့သို့ ဆောင်ရွက်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။


Author


က္က