တပ်မတော်အနေနဲ့ ချက်ချင်း အာဏာစွန့်လွှတ်ရန် အမေရိကန်သမ္မတက တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရထံမှ အာဏာသိမ်းယူခဲ့တဲ့ တပ်မတော်အနေနဲ့ ချက်ချင်း အာဏာစွန့်လွှတ်ရန် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က တောင်းဆိုလိုက်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းမှုကြောင့် ရုပ်သိမ်းခဲ့တဲ့ ပိတ်ဆို့အရေးယူမှုတွေ ပြန်လည်သတ်မှတ်ရေးစဥ်စားရန် ပြန်သုံးသပ်ဖို့ ၎င်းရဲ့အစိုးရအဖွဲ့ကို ညွှန်ကြားလိုက်ကြောင်း သိရပါတယ်။

(Photo: Tatmadaw Information Team)

"မြန်မာတပ်မတော်ကို သူတို့ သိမ်းယူခဲ့တဲ့အာဏာ ချက်ချင်းပြန်စွန့်လွှတ်ရေး ဖိအားပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက အတူတကွ တသံတည်းနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်" လို့ သမ္မတဘိုင်ဒန်က ပြောပါတယ်။ "ပြီးခဲ့တဲ့ ဆယ်စုနှစ်မှာ ဒီမိုကရေစီကို ဦးတည်တဲ့ တိုးတက်မှုတွေအပေါ် အခြေခံပြီး အမေရိကန်က မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားခဲ့ပါတယ်၊ အဲဒီတိုးတက်မှု နောက်ကြောင်းပြန်လှည့်ရင် ကျွန်တော်တို့ရဲ့ ပိတ်ဆို့အရေးယူမှု ဥပဒေတွေနဲ့ လုပ်ပိုင်ခွင့်တွေကို ချက်ချင်း ပြန်သုံးသပ်ပြီးနောက် သင့်တော်တဲ့ အရေးယူဆောင်ရွက်မှုရှိလာပါမယ်၊ ဘယ်နေရာမှာဖြစ်ဖြစ် ဒီမိုကရေစီ ထိုးနှက်တိုက်ခံရရင် အမေရိကန်ပြည်ထောင်စုက ရပ်တည်သွားမှာပါ" လို့ ဘိုင်ဒန်က ဆိုပါတယ်။



(Photo: AP)

မြန်မာနိုင်ငံမှာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ခံရတဲ့ လွှတ်တော်အမတ်များ တက်ရောက်ကြမယ့် လွှတ်တော်အစည်းအဝေးများစတင်မယ့် ဖေဖေါ်ဝါရီ ၁ ရက် မနက်အစောပိုင်းမှာ တပ်မတော်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ အခြားခေါင်းဆောင်တွေကို ထိန်းသိမ်းခဲ့ပါတယ်။

နေပြည်တော်မှာ လွှတ်တော်အစည်းအ‌‌ဝေးတက်ရန် ရောက်ရှိနေကြတဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ၎င်းတို့ တည်းခိုနေထိုင်ရာ စည်ပင်ဧည့်ရိပ်သာမှာ ထိန်းသိမ်းထားခဲ့ကြောင်း သိရပါတယ်။ ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် တာဝန်ယူလိုက်ပြီး နိုင်ငံကို တစ်နှစ်ကြာမယ့် အရေးပေါ်အခြေအနေ ကြေညာကာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာသုံးရပ်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ လွှဲအပ်လိုက်ပါတယ်။

(Infographic: Rafa Estrada/CNA)

အရေးပေါ်ဆိုင်ရာပြဌာန်းချက်တွေကို ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲပြန်လည်ကျင်းပပေးသွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။ ထိုရွေးကောက်ပွဲမှာ အနိုင်ရတဲ့ နိုင်ငံရေးပါတီကို နိုင်ငံတော်တာဝန် ပြန်လွှဲပေးသွားမယ်လို့လည်း ၎င်းကဆိုပါတယ်။

တပ်မတော်က အာဏာသိမ်းရခြင်းဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းများ မှားယွင်းနေခြင်း၊ မဲစာရင်းပြဿနာကို ဖြေရှင်းပေးရန်ငြင်းပယ်ခြင်းနဲ့ လွှတ်တော်အစည်းအဝေးများကို ရွေ့ဆိုင်းပေးရန်တောင်းဆိုမှုကို လက်မခံခြင်းတို့ကြောင့်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Ref: Reuters, AP, CNA



က္က