မြန်မာတပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် Suzuki Motor Corp. က ၎င်းရဲ့ ဝန်ထမ်းများလုံခြုံရေး သေချာစေရန် နိုင်ငံအတွင်းရှိ စက်ရုံနှစ်ရုံမှာ ထုတ်လုပ်မှုရပ်ဆိုင်းထားကြောင်း ပြောပါတယ်။
(Photo: Kyodo)
မြန်မာနိုင်ငံမှာ လုပ်ငန်းများလုပ်ကိုင်နေကြတဲ့ လက်လီအရောင်းလုပ်ငန်း Aeon Co. မှ မော်တော်ယာဥ်အစိတ်အပိုင်းများ ထုတ်လုပ်တဲ့ Denso Corp. အထိ အခြား ဂျပန်ကုမ္ပဏီတွေဟာလည်း အခြေအနေကို သိရှိနိုင်ရန် ကြိုးပမ်းနေကြပါတယ်။ Suzuki က အလုပ်သမား ၄၀၀ ရှိတဲ့ ရန်ကုန်မြို့မှ ၎င်းရဲ့စက်ရုံတွေကို တနင်္လာနေ့ (ဖေဖေါ်ဝါရီ ၁ ရက်) မွန်းလွဲပိုင်းမှာ ထုတ်လုပ်မှုရပ်ဆိုင်းခဲ့ကြောင်း ပြောပါတယ်။
(Photo: NNA)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (National League for Democracy - NLD) က ၂၀၁၅ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ပြီးနောက်ပိုင်း Kirin Holdings အပါအဝင် အဓိက ဂျပန်ကုမ္ပဏီကြီးများ မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့ကြပါတယ်။
၂၀၁၅ ခုနှစ်မှာ NLD က ရွေးကောက်ပွဲအနိုင်ရမှုနဲ့အတူ မြန်မာနိုင်ငံမှာ ရာစုနှစ်တစ်ဝက်အတွင်း ပထမဆုံး အရပ်သားအစိုးရတစ်ရပ် ပေါ်ထွက်လာခဲ့ပါတယ်။ ယခုအခါ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေကြတဲ့ ဂျပန်ကုမ္ပဏီ ၄၀၀ ဝန်းကျင်ရှိနေကြောင်း ဂျပန်အစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ Japan External Trade Organization ရဲ့ အချက်အလက်တွေအရ သိရှိရပါတယ်။
(Photo: Suzuki/GNLM)
Suzuki အပြင် နောက်ထပ် ဂျပန်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Toyota Motor Corp. ကလည်း မြန်မာနိုင်ငံမှာ ယခုလအတွင်း ၎င်းရဲ့ထုတ်လုပ်ရေးစက်ရုံ လုပ်ငန်းများစတင်ရန် စီစဥ်ထားပြီး လက်ရှိမှာတော့ အခြေအနေကို သိရှိနိုင်ရေး လုပ်ဆောင်နေတယ်လို့ ပြောခဲ့ပါတယ်။
Denso ကုမ္ပဏီကတော့ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ပြီးနောက် ၎င်းရဲ့ဝန်ထမ်းတွေကို ဆက်သွယ်နိုင်ရန် ရုန်းကန်ခဲ့ရတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ်အတွင်း ဈေးဝယ်စင်တာတစ်ခုဖွင့်ရန် စီစဥ်ဆောင်ရွက်နေတဲ့ Aeon ကတော့ အင်တာနက်မှတစ်ဆင့် ဝန်ထမ်းတွေနဲ့ အဆက်အသွယ်ရခဲ့ကြောင်း ပြောပါတယ်။