ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေးမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကြာ ကူညီပေးနေခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ တပ်မတော်က အာဏာသိမ်းမှုအပေါ် အလေးအနက် စိုးရိမ်မိကြောင်း ကမ္ဘာ့ဘဏ် (World Bank) က ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ ပြောကြားခဲ့ပြီး ယခုဖြစ်ရပ်တွေက နိုင်ငံရဲ့ အကူးအပြောင်းနဲ့ ဖွံ့ဖြိုးတိုးတက်မှု မျှော်လင့်ချက်တွေအတွက် အဓိက ဆုတ်ယုတ်မှုဖြစ်စေကြောင်း သတိပေးခဲ့ပါတယ်။

(Photo: ဆူးနစ် - NPT)

"ကျွန်ုပ်တို့ရဲ့ ဝန်ထမ်းတွေနဲ့ မိတ်ဖက်တွေ အပါအဝင် မြန်မာမှာရှိတဲ့ လူတွေရဲ့ ဘေးအန္တရာယ်ကင်းမှုနဲ့ လုံခြုံမှုအတွက် စိုးရိမ်ပြီး မြန်မာနိုင်ငံအတွင်းမှာနဲ့ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ရေးလိုင်းများ ပိတ်ပင်မှုကို စိတ်ပျက်မိပါတယ်" လို့ ကမ္ဘာ့ဘဏ်ရဲ့ ဖေဖေါ်ဝါရီ ၁ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေးမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကြာ ကူညီပေးနေခဲ့ပါတယ်။



"ကျွန်ုတို့ရဲ့ ရည်မှန်းချက်တွေကို ဆက်လက်ထိန်းသိမ်းထားပါတယ်၊ ကျွန်ုတို့ရဲ့အတွေးက မြန်မာပြည်သူတွေနဲ့အတူ ဖြစ်ပါတယ်" ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ကမ္ဘာ့ဘဏ်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့စာရင်းတွေအရ ၂၀၂၀ ခုနှစ်အတွင်း မြန်မာကို အမေရိကန်ဒေါ်လာ သန်း ၉၀၀ ချေးငွေထုတ်ပေးကြောင်းနဲ့ ၂၀၁၇ ခုနှစ်မှာ ဒေါ်လာ ၆၁၆ သန်း ချေးငွေပေးခဲ့ကြောင်း Reuters သတင်းက ဆိုပါတယ်။

(Photo: ဆူးနစ် - NPT)

ကမ္ဘာ့ဘဏ်ရဲ့ အဆိုအရ ၂၀၁၁ ခုနှစ်မှစပြီး မြန်မာနိုင်ငံမှာ လူမှုဖူလုံရေး တိုးတက်မှုများ တိုင်းတာနိုင်တဲ့အခြေအနေဖြင့် တိုးတက်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ ဆင်းရဲမွဲတေမှု ၄၈ ရာခိုင်နှုန်းကနေ ၂၀၁၇ ခုနှစ်မှာ ၂၅ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း သိရပါတယ်။ မြန်မာရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ ယခင်နှစ်က ၆.၈ ရာခိုင်နှုန်းမှ ၂၀၁၉/၂၀ ဘဏ္ဍာရေးနှစ်မှာ ၀.၅ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ပြောပါတယ်။

မြန်မာတပ်မတော်က ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့ပြီးနောက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာသုံးရပ်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ လွှဲအပ်ခဲ့ပါတယ်။ နေပြည်တော်မှာ လွှတ်တော်အစည်းအ‌‌ဝေးတက်ရန် ရောက်ရှိနေကြတဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ၎င်းတို့ တည်းခိုနေထိုင်ရာ စည်ပင်ဧည့်ရိပ်သာမှာ ထိန်းသိမ်းထားခဲ့ကြောင်း သိရပါတယ်။

(Photo: ဆူးနစ် - NPT)

တပ်မတော်က အာဏာသိမ်းခဲ့ပြီးနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် တာဝန်ယူလိုက်ပြီး နိုင်ငံကို တစ်နှစ်ကြာမယ့် အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ တပ်မတော်က အာဏာသိမ်းရခြင်းဟာ မဲစာရင်းများ မှားယွင်းနေခြင်း၊ မဲစာရင်းပြဿနာကို ဖြေရှင်းပေးရန်ငြင်းပယ်ခြင်းနဲ့ လွှတ်တော်အစည်းအဝေးများကို ရွေ့ဆိုင်းပေးရန်တောင်းဆိုမှုကို လက်မခံခြင်းတို့ကြောင့်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အရေးပေါ်ဆိုင်ရာပြဌာန်းချက်တွေကို ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲပြန်လည်ကျင်းပပေးသွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။ ထိုရွေးကောက်ပွဲမှာ အနိုင်ရတဲ့ နိုင်ငံရေးပါတီကို နိုင်ငံတော်တာဝန် ပြန်လွှဲပေးသွားမယ်လို့လည်း ၎င်းကဆိုပါတယ်။ မြန်မာတပ်မတော်က အာဏာသိမ်းမှုကို အနောက်အုပ်စုခေါင်းဆောင်တွေက ရှုတ်ချခဲ့ကြပြီး အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ပြန်လည်သတ်မှတ်သွားမယ်လို့ သတိပေးခဲ့ပါတယ်။



က္က