တပ်မတော်က အာဏာပြန်လွှဲပေးရေး တောင်းဆိုချက် စာသားမူကြမ်းကို ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
Ko John

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံအရေး အရေးပေါ်အစည်းအ‌ဝေးကို ယနေ့ (ဖေဖေါ်ဝါရီ ၂ ရက်) စတင်ကျင်းပပြုလုပ်ပြီး တပ်မတော် အာဏာသိမ်းပြီးနောက် အရပ်သားအစိုးရထံ အာဏာပြန်လွှဲပေးရေး တောင်းဆိုချက် စာသားမူကြမ်းကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

(Photo: ဆူးနစ် - NPT)

တံခါးပိတ်ကျင်းပပြုလုပ်တဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ဆွေးနွေးမှုများကို ဗီဒီယိုကွန်ဖရင့်ဖြင့် ယနေ့ နယူးယော့ခ်စံတော်ချိန် မနက် ၁၀ နာရီမှာ စတင်ခဲ့ပြီး နှစ်နာရီကြာမယ်လို့ ခန့်မှန်းထားပါတယ်။ ဗြိတိန်နိုင်ငံက အဆိုပြုတင်သွင်းခဲ့တဲ့ မူကြမ်းစာသားကို AFP သတင်းဌာနက ကြည့်ရှုခွင့်ရခဲ့ရာမှာ တရားဥပဒေနဲ့မညီဘဲ ထိန်းသိမ်းထားသူတွေကို ချက်ချင်း ပြန်လွှတ်ပေးရန် မြန်မာတပ်မတော်ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။



ထို့အတူ နိုင်ငံကို တစ်နှစ်ကြာ အရေးပေါ်အခြေအနေ ကြေညာခြင်းထားမှု ရုပ်သိမ်းရန်နဲ့ အဖွဲ့အစည်းများအားလုံး ဒီမိုကရေစီစံနှုန်းများကို လိုက်နာကြရန် တောင်းဆိုထားပါတယ်။ အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ လုံခြုံရေးကောင်စီသို့ ဗြိတိန်က အဆိုပြုထားတဲ့ ယခုမူကြမ်းကို အတည်ပြုရန် ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဘက်မှ အဓိက ရပ်တည်လေ့ရှိတဲ့ တရုတ်နိုင်ငံရဲ့ ထောက်ခံမှုလိုအပ်ပါတယ်။

(Photo: Tatmadaw Information Team)

တရုတ်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်ရာ ဗီတိုအာဏာသုံးခွင့်ရှိပါတယ်။ မြန်မာနိုင်ငံမှာ တပ်မတော်က ဖေဖေါ်ဝါရီ ၁ ရက် မနက်အစောပိုင်းအချိန် အာဏာသိမ်းမှုစတင်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ အခြားခေါင်းဆောင်တွေကို ထိန်းသိမ်းခဲ့ပါတယ်။

ထို့နောက် ဒုတိယသမ္မတဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် တာဝန်ယူခဲ့ပြီး နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာကာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာသုံးသပ်ရပ်ကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ လွှဲအပ်ခဲ့ပါတယ်။ နောက်ဆုံးသတင်းတွေအရ ယမန်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေကို ယနေ့ (ဖေဖေါ်ဝါရီ ၂ ရက်) ပြန်လွှတ်ပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်မြင့် အပါအဝင် ဆက်လက် ထိန်းသိမ်းခံထားရသူတွေ ကျန်ရှိနေပါသေးတယ်။

(Photo: Win Lwin/Duwun)

နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ ယမန်နေ့က ထိန်းသိမ်းခံခဲ့ရတဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေကို နေရပ်ပြန်နိုင်ကြောင်း ယနေ့ ညနေပိုင်းမှာ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ တပ်မတော်က အာဏာသိမ်းရခြင်းဟာ မဲစာရင်းများ မှားယွင်းနေခြင်း၊ မဲစာရင်းပြဿနာကို ဖြေရှင်းပေးရန်ငြင်းပယ်ခြင်းနဲ့ လွှတ်တော်အစည်းအဝေးများကို ရွေ့ဆိုင်းပေးရန်တောင်းဆိုမှုကို လက်မခံခြင်းတို့ကြောင့်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

အရေးပေါ်ဆိုင်ရာပြဌာန်းချက်တွေကို ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲပြန်လည်ကျင်းပပေးသွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။ ထိုရွေးကောက်ပွဲမှာ အနိုင်ရတဲ့ နိုင်ငံရေးပါတီကို နိုင်ငံတော်တာဝန် ပြန်လွှဲပေးသွားမယ်လို့လည်း ၎င်းကဆိုပါတယ်။ မြန်မာတပ်မတော်က အာဏာသိမ်းမှုကို အနောက်အုပ်စုခေါင်းဆောင်တွေက ရှုတ်ချခဲ့ကြပြီး အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ပြန်လည်သတ်မှတ်သွားမယ်လို့ သတိပေးခဲ့ပါတယ်။


Author


က္က